MT News Editorial

ရှေးယခင် လွန်ခဲ့သည့်နှစ်များစွာက ဒီဇင်ဘာလဟူသည် ကျောင်းတိုင်းကျောင်းတိုင်းက ဆရာကန်တော့ပွဲများ ကျင်းပကြသည့် ကာလဖြစ်ပေသည်။

ကျောင်းတိုင်း ကျောင်းတိုင်းဟု ဆိုကြသည်ဝယ် မူလတန်းကျောင်းငယ်မှ တက္ကသိုလ်ကျောင်းများအထိ ဆရာကန်တော့ပွဲကြီးများ ကျင်းပလေရာ ကိုဗစ်ဖြစ်သော ၂၀၂၀ ပြည့်နှစ်တွင်ပင် ကိုဗစ်ကင်းစင်ရာဒေသများက ဆရာကန်တော့ပွဲပြုလုပ်ကြခြင်းနှင့် မပြုလုပ်နိုင်သော ဒေသများက ဆရာများကို အိမ်တိုင်ရွာရောက် ကန်တော့ကြလေရာ ၂၀၂၀ ပြည့်နှစ်အထိဝယ် ချစ်ခင်ဖွယ်ဓလေ့နှင့် ပြည့်နှက်ခဲ့သော ကာလများဖြစ်ခဲ့ပေသည်။

သို့သော် ၂၀၂၁ ဇန်နဝါရီ အာဏာပဋိပက္ခနောက်ဝယ် လစာတစ်ပဲခြောက်ပြားဖြင့် ဝါသနာ၊ စေတနာ၊ အနစ်နာအရ တပည့်များစွာ မွေးထုတ်ပေးခဲ့သည့်ဆရာများမှာ အစိုးရယန္တရားလည်ပတ်အောင်လုပ်ပေးသူ စွပ်စွဲချက်များဖြင့် ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်မှုများ ကြုံလေရာ ဆရာကန်တော့ပွဲများ ရပ်တန့်သွားခဲ့ရလေသည်။

ထိုအချိန်မှစ၍ ဆရာကန်တော့ပွဲများ အသက်မဝင်နိုင်ခဲ့သလို ဆရာအိုများသည်လည်း တပည့်များကို အမြဲဆုံးမရန် တွေးဆထားချက်များ ပျက်ပြယ်ကာ ဘယ်တပည့်က အစွန်းရောက်သွားသည်မသိ၊ ဘယ်တပည့်က သတ်ဖြတ်မည်မသိသည့် ကြောက်ရွံရမှုအတိ ကြီးစိုးသော အခြေအနေဆိုက်ရောက်ကာ ဆရာကန်တော့ပွဲများ တိတ်ဆိတ်သွားသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်ပေသည်။

ဆရာများအား ဆက်လက်ရိုသေကာ ကန်တော့ပန်းဆင်လိုသူတပည့်များမှာလည်း ရပ်ဝေးနယ်ခြားမှ ဆရာများကို ယခင်နှစ်များလို ခေါ်ယူကန်တော့နိုင်ခြင်းမရှိတော့ပါ။ ဆရာနှင့် တပည့်အကြား အပြန်အလှန်လေးစားမှုရှိသော်ငြား မြို့နယ်ခြားကာခေါ်ယူသည်နှင့်တစ်ပြိုင်နက် အကြမ်းဖက်စစ်ဆေးသူများက နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့လျှင်ပင် သတ်ဖြတ်ကြလေရာ ဆရာအိုများမှာ တပည့်များနှင့် မဆုံခင် သေပွဲဝင်နိုင်ရပေမည်ကို ဆရာအိုရော တပည့်များပါ သိလေရာ မည်သူ့မည်သူကမှ ဆရာကန်​တော့ပွဲအတွက် တိုက်တွန်းရဲမှုမရှိတော့ပါ။

ထိုသို့သော အခြေအနေဆိုးများဝယ် အကြမ်းဖက်သူများကိုလည်း အသိ​ပေးလိုပါသည်။ စာသင်ရန်သာသိသည့် သင့်၏ ဆရာသည် မည်သည့်အချိန်ကများ သင့်အား လမ်းမှားပို့ ငါတို့က ဒီအစိုးရပဲထောက်ခံမှာ ပြောဖူးပါသနည်း။ ထိုသို့ပြောဖူးသည်ကြုံဖူးပါက သင့်ဘဝ ဆရာ ၁၀၀ တွင် ဆရာဆိုးငါးဦးပြည့်ရအောင် ကြုံဖူးပါသလား ပြန်လည်စဥ်းစားကာ ဆရာများအား အစိုးရယန္တယားလည်ပတ်အောင်လုပ်သည်စွပ်စွဲချက်များဖြင့် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်နေသည်များကိုလည်း ရှောင်ရှားစေလိုပါသည်။

ထို့အပြင် အစိုးရတစ်ရပ်အား မကျေနပ်၍ လက်နက်ကိုင်သူများအနေဖြင့် လက်နက်မဲ့ပြည်သူများအား အလစ်အငိုက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဆရာ/ဆရာမများအား ချောင်းမြောင်းပစ်ခတ် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းများမှာ ဓမ္မမဟုတ်ဘဲ အဓမ္မသာဖြစ်ကြောင်းနှင့် ဓမ္မ၊ အဓမ္မခွဲခြားနိုင်သော နှလုံးသားများ ရှိနိုင်ပါစေကြောင်းနှင့် တော်လှန်ရေးသည် မြန်မာ့ရိုးရာဓလေ့များ ဖျက်ဆီးရန်မဟုတ်ဟူသော အသိဉာဏ်များ တွေးချိန်ဆကာ မြန်မာ့ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ ပျက်စီးစေရေး တိုက်ခိုက်မှု မပြုလုပ်သင့်ပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်း အကြံပြုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *