၂၀. ၄. ၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်ညစျေးထိပ်၊ ဘောတံတားမြစ်ကမ်းဘေးတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုရုပ်အလောင်းကို အနီးအနားရှိပြည်သူများမှ ဘောတံတားမြစ်ကမ်းဘေးရေပေါ်၌ ရုပ်အလောင်းတစ်လောင်းပေါ်နေကြောင်း ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းထံသို့ ဧပြီလ ၂၀ ရက်နေ့ နံနက်ခင်းအချိန်တွင် ဖုန်းဆက်အကြောင်းကြားခဲ့၍ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးနှင့် အိမ်ထောင်ကွဲ၍ ရေထဲခုန်ချသွားသည်ဟု သိရှိသူတချို့ကပြောကြောင်း ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ ဒေါက်တာသန်းထိုက်အောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

“အဲ့ဒီနားက လူတွေပြောတာကတော့ အလောင်းက မနေ့ထဲကတွေ့တာလို့တော့ ပြောတယ်။ သေချာတော့မသိဘူး။ သူက ဆိုက်ကားနင်းတယ်။ သဘောလည်းကောင်းတဲ့သူ။ သူ့ဆိုက်ကားစီးလို့ ပိုက်ဆံမပါလည်း အလကားစီးလို့ရတယ်။ဘယ်လိုဖြစ်ပြီး သေတာလဲတော့မသိ။ သူ့သားသမီးတွေကနယ်မှာ”ဟု ရောင်စင်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုရေနစ်သေဆုံးသည် အမျိုးသားမှာ အသက် ၅၀ ခန့်ရှိပြီးဆိုက်ကားနင်းသူတစ်ဦးဖြစ်ပြီး ကြည့်မြင်တိုင်ရှိ ဆိုက်ကားဂိတ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ -ရောင်စဥ်မဲ့လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *