၂၀. ၄. ၂၀၂၄
Written by Thettant

မြန်မာနိုင်ငံ၏ ခရီးသွားဒေသတခုဖြစ်သော ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ မလိခဟိုတယ်(Malikha Lodge) တွင် အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်တွင် ဟိုတယ်၏ စားသောက်ခန်းအသေး၊ မီးဖိုချောင်နှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသည့် ဘန်ဂလိုတစ်ခု၏ခေါင်မိုးတို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း ဟိုတယ်၏ လုပ်ငန်းလည်ပတ်မှု မထိခိုက်ကြောင်း Malikha Lodge ဟိုတယ်၏ Sales & Marketing ဒါရိုက်တာ၊ ဦးနိုင်နိုင်ထွန်းနှင့် စျေးကွက်ဆက်သွယ်ရေးမန်နေဂျာ ဒေါ်ရွှေရည်ဝင်းလားတို့၏ ယခုပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဧပြီလ ၂ဝ ရက် နံနက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်အား ဟိုတယ်၏ ထိရောက်သော မီးသတ်စနစ်၊ အနီးပတ်ဝန်းကျင်မှ ဒေသခံများ၏ ကူညီမှုများဖြင့် ချက်ခြင်း ထိန်းထားနိုင်ခဲ့ပြီး ဧည့်သည်များနှင့် ဝန်ထမ်းများအားလုံး၏ ဘေးကင်းကြောင်း၊ ထိုဖြစ်စဉ်တွင် ဟိုတယ်၏ စားသောက်ခန်းအသေး၊ မီးဖိုချောင်နှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသည့် ဘန်ဂလိုတစ်ခု၏ ခေါင်မိုးသာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဟိုတယ်၏ လုပ်ငန်းလည်ပတ်မှု အလုံးစုံကို ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

မလိခဟိုတယ်သည် ဦးတေဇပိုင်ဖြစ်ကြောင်း၊ တစ်ည ဒေါ်လာ ၂၀၀ ခန့်ပေးရကြောင်း၊ ဟိုတယ်တစ်ခုလုံးပြာကျသွားကြောင်း ဆိုရှယ်မီဒီယာများနှင့် အချို့သော မီဒီယာများတွင် မှားယွင်းသော သတင်းအချက်အလက် များကို ဖော်ပြလျက်ရှိကြောင်း၊ မီးလောင်ကျွမ်းမှုသည် ဟိုတယ်၏ စားသောက်ခန်းအသေး၊ မီးဖိုချောင်နှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသည့် ဘန်ဂလိုတစ်ခု၏ခေါင်မိုးသာဖြစ်ပြီး ဟိုတယ်တစ်ခုလုံးကို မထိခိုက်စေကြောင်း ရှင်းလင်းတင်ပြလိုကြောင်း၊ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ထုတ်ပြန်ချက် ဖြစ်စဥ်က ဆိုသည်။

မလိခ ဟိုတယ်၏ Management သည် လက်ရှိတွင် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး နောင်တွင် ယခုလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွား စေရန်အတွက် လိုအပ်သည့် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မလိခ ဟိုတယ်သည် ပုံမှန်အတိုင်း လည်ပတ်နေလျက်ရှိပြီး ဧည့်သည်များ၏ဘေးကင်းမှုနှင့် ဧည့်ဝတ်ကျေပွန်မှုဆိုင်ရာ ကတိကဝတ်များကို ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *