၂၀. ၄. ၂၀၂၄
Written by Pan Ei

ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာသလို ဘင်္ဂါလီဒုက္ခသည်တွေနဲ့ ရခိုင်အသိုင်းအဝန်းတွေကြား တင်းမာမှုတွေ အရှိန်မြှင့်လာနေတာကြောင့် အရပ်သားပြည်သူတွေကို ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်ကာတာ့ခ် က သတိပေးလိုက်ပါတယ်။

အတိတ်က ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်ခါထပ်ခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားကို သတိပေးထားပါတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်ဘက်အလွတ်သဘောတူ အပစ်အခတ်ရပ်စဲရေးပျက်ပြားသွားပြီးနောက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ၁၅ ခုက တိုက်ပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး လူ ရာနဲ့ချီ သေဆုံး၊ ဒဏ်ရာရရှိကာ အိုးမဲ့အိမ်မဲ့ဦးရေ ၃၀၀,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း တာ့ခ်က ပြောပါတယ်။

“ရခိုင်ပြည်နယ်ဟာ တစ်ဖန် ဇာတ်ဆောင်များစွာပါဝင်တဲ့ စစ်မြေပြင်ဖြစ်လာပြီး အရပ်သားတွေကလည်း ဘင်္ဂါလီဒုက္ခသည်တွေနဲ့အတူ အထူးအန္တရာယ်တွေနဲ့ တွေ့ကြုံနေရပါတယ်” လို့ မဟာမင်းကြီး တာခ့်က ပြောကြားခဲ့ပါတယ်။

“အထူးစိတ်ပျက်စရာကောင်းတာက ၂၀၁၇ ခုနှစ်တုန်းကတော့ ဘင်္ဂါလီဒုက္ခသည်တွေဟာ တစ်ဖွဲ့တည်းဆီကနေ ပစ်မှတ်ထားခံခဲ့ရပြီး အခုတော့ သူတို့ဟာ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားထဲမှာ ပိတ်မိနေခဲ့ပါတယ်။ ဘင်္ဂါလီဒုက္ခသည်တွေကို ထပ်ပြီး ပစ်မှတ်ထားခံရဖို့ ခွင့်မပြုသင့်ပါဘူး” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းတဝှမ်းမှာ တပ်မတော်က ရက္ခိုင့်တပ်မတော် (AA)ကို နယ်မြေတွေ ဆုံးရှုံးနေပါတယ်။ အဲ့တာကြောင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ တိုက်ပွဲတွေ မဖြစ်ပွားမီ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ အဆိုပါ မြို့နယ်နှစ်ခုဟာ ဘင်္ဂါလီဒုက္ခသည်တွေ အများအပြား နေထိုင်ရာ နေရာဖြစ်ပြီး သူတို့ကို အန္တရာယ် ကျရောက်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အစ္စလာမစ်အကြမ်းဖက်သမားတွေ” ဟာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဓားစာခံအဖြစ် သိမ်းပိုက်ထားတယ်ဆိုတဲ့ သတင်းမှားတွေနဲ့ ဝါဒဖြန့်မှုတွေလည်း ရှိနေတယ်လို့ တာ့ခ်က ပြောကြားခဲ့ပြီး “ဒါဟာ ၂၀၁၂ ခုနှစ်က လူမျိုးရေးအကြမ်းဖက်မှုကို ဖြစ်ပွားစေခဲ့ပြီး ၂၀၁၇ ခုနှစ်မှာလည်း ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ အမုန်းပွားစေတဲ့ ဇာတ်ကြောင်းမျိုးဖြစ်တယ်” လို့ သူကဆိုပါတယ်။

အခုနှစ်အစကတည်းက AA ဟာ ဘင်္ဂါလီဒုက္ခသည်ကျေးရွာတွေနဲ့ ကျေးရွာပတ်ဝန်းကျင်မှာ ခြေကုပ်ရယူပြီး မြန်မာ့တပ်မတော်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ ဘင်္ဂါလီဒုက္ခသည်အရပ်သားတွေကို စစ်ရေးအရ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရုံးနဲ့ ဆေးစပ်ခန်းတို့အပါအဝင် ဘူးသီးတောင်မြို့မှာ အိမ်ခြေ ၂၀၀ ခန့် ဧပြီလ ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် လူပေါင်းရာနဲ့ချီ ထွက်ပြေးခဲ့ရပြီး အထက်တန်း ကျောင်း၊ ဆေးရုံဟောင်းက မြေကွက်လပ်တွေနဲ့ ဘူးသီးတောင်မြို့ကလမ်းတွေတစ်လျှောက်မှာ ခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

ဒါတင်မကသေးဘဲ မောင်တောနဲ့ ဘူးသီးတောင်ဆေးရုံ နှစ်ခုစလုံးကို တပ်မတော်က မတ်လအတွင်းက ပိတ်ခဲ့တာကြောင့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပေမဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ထိရောက်စွာ ဆေးဝါးကုသနိုင်ခြင်း မရှိသေးပါဘူး။

“နှိုးဆော်ခေါင်းလောင်းသံတွေ မြည်နေပြီး အတိတ်ကလိုဖြစ်ရပ်မျိုး ထပ်ခါတလဲလဲ လုပ်ခွင့်ပြုလို့မရဘူး” လို့ တာ့ခ် က ပြောကြားခဲ့သလို “မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့နိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေအားလုံးကို အကာအကွယ်ပေးဖို့နဲ့ ဘင်္ဂါလီဒုက္ခသည်တွေအပေါ် ဆိုးရွားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနောက်ထပ်မဖြစ်လာအောင် တားဆီးဖို့ အခုပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; The Daily Star

Leave a Reply

Your email address will not be published. Required fields are marked *