၁၉. ၄. ၂၀၂၄
Translated by Thettant

ကင်ညာနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့(KDF) ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးအိုဂိုလာနဲ့ အခြား စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိ ကိုးဦးတို့ ရဟတ်ယာဉ် ပျက်ကျသေဆုံးခဲ့တာကြောင့် ကင်ညာတစ်နိုင်ငံလုံးမှာ သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှုကို ဒီနေ့မှာ စတင်ပြုလုပ်နေပါတယ်။

ကင်ညာသမ္မတ ဝီလျံရူတိုဟာ ဗိုလ်ချုပ်ကြီး ဖရန်စစ်အိုမွန်ဒီအိုဂိုလာကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ခန့်အပ်ခဲ့တာပါ။ အိုဂိုလာဟာ ကြာသပတေး နေ့(ဧပြီ ၁၈ ရက်) မှာ ကင်ညာနိုင်ငံရဲ့ အနောက်မြောက်ပိုင်း နော့ရစ်ဖ်ဒေသ တည်ငြိမ်ရေးနဲ့ ကျောင်းတွေပြန်ဖွင့်ရေး လုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို သွားရောက်စစ်ဆေးဖို့ မြို့တော်နိုင်ရိုဘီကနေ ထွက်ခွာမှုမှာ ပျံတက်ပြီးမကြာခင် အယ်လ်ဂီရိုမာရာကွက်ကောင်တီမှာ Bell UH-1 Iroquois ရဟတ်ယာဥ်ပျက်ကျခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ကြီး အိုဂိုလာအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကာ နှစ်ဦးပဲအသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့ ကုသမှုခံယူနေရတာပါ။ ဒီဖြစ်ရပ်အပေါ် သမ္မတရူတိုက အထူးဝမ်းနည်းမိတယ်လို့လည်း တိုင်းပြည်ကိုကြေညာပြောကြားခဲ့ပါတယ်။

ကင်ညာနိုင်ငံရဲ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးဆုံးစစ်ဦးစီးချုပ်ဟာ သမ္မတရူတိုဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဖရန်စစ်အိုမွန်ဒီအိုဂိုလာ ကျဆုံးမှူအပေါ် ရူတိုက”ကျွန်တော့်အတွက်ရော၊ ကင်ညာကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်အနေနဲ့ရော၊ ကင်ညာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ညီအကိုတွေအတွက်ပါ ဝမ်းနည်းစရာကောင်းတဲ့အခိုက်အတန့်ဖြစ်ပြီး နိုင်ငံအတွက် ကံအဆိုးဆုံးနေ့တစ်နေ့ပါ။ ကျွန်တော်တို့ရဲ့ အမိနိုင်ငံဟာ သူ့ရဲ့အရဲရင့်ဆုံး စစ်ဗိုလ်ချုပ်တစ်ဦးကို ဆုံးရှုံးခဲ့ရပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရဟတ်ယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေသလို နိုင်ငံတစ်ဝန်းအလံတိုင်ထက်ဝက်ချကာ ဝမ်းနည်းဂုဏ်ပြုမှုသုံးရက်ကြာပြုလုပ်နေပါတယ်။ အိုဂိုလာဟာ ၁၉၈၄ ခုနှစ်မှာ ကင်ညာကာကွယ်ရေးတပ်ဖွဲ့မှာ စတင်အမှုထမ်းခဲ့တာဖြစ်ပြီး အနှစ် ၄၀ အကြာမှာတော့ တာဝန်ထမ်းဆောင်ရင်းသေဆုံးခဲ့တဲ့ ပထမဆုံးသော ကင်ညာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တယ်လို့ နိုင်ငံပိုင်အသံလွှင့်ဌာန KBC က ပြောကြားခဲ့ပါတယ်။

Ref, CNN & AFP

Leave a Reply

Your email address will not be published. Required fields are marked *