၁၈. ၄. ၂၀၂၄
Written by Zaw Moe

AA အဖွဲ့က စစ်သားစုဆောင်းရန်အတွက် ဘူးသီးတောင်ဒေသရှိ မွတ်စလင်ကျေးရွာတစ်ခုကို လူလတ်ပိုင်း အယောက် ၂၀၀ ပေးပို့ရန် ခြိမ်းခြောက်တောင်းဆိုနေမှုများကို ဖုံးကွယ်ရန်အတွက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုယ်တိုင် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဘူးသီးတောင်၊ မောင်းတောဒေသတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးထားကြောင်း လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန် သတင်းထုတ်လွှင့်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“အခု သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်နဲ့ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်မှာတော့ AA အနေနဲ့ ဘူးသီးတောင်တစ်ဝိုက်မှာရှိတဲ့ ရွာတွေကို အသံချဲ့စက်နဲ့ မွတ်စလင်ရွာတွေကို အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ကျေးရွာအုပ်စုတစ်စုကို လူလတ်ပိုင်း အယောက် ၂၀၀ AA ကိုပေးဖို့ တောင်းဆိုနေတာရှိတယ်။ ပြီးရင် တပ်ကိုဆန့်ကျင်ဖို့ မပေးရင် သူတို့အနေနဲ့ အတင်းအကျပ် ဖမ်းဆီးရမယ်။ ပြီးရင်နေရာပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒါတွေဟာ တကယ့် လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို ဖုံးကွယ်ချင်တဲ့အတွက် ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်ချင်တဲ့အတွက် မဟုတ်မမှန် စွပ်စွဲပြောဆိုတာမျိုးဖြစ်တယ်ဆိုတာ ကျွန်တော် ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် မတ်လ ၃၁ ရက်ကတည်းက ဒေသခံပြည်သူများ နေထိုင်မှုမရှိသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရက်ကွက်အတွင်း ဧပြီ ၁၇ ရက်တွင် မီးလောင်မှုကြောင့် လူနေအိမ် ၅၀ ကျော်ပျက်စီးမှုအား AA အဖွဲ့က တပ်မတော်က လုပ်ဆောင်ခြင်းနှင့် ဘူးသီးတောင်‌ဒေသတွင် နေထိုင်သည့် မွတ်စလင်များက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ထို့ပြင် အိန္ဒိယမီဒီယာတစ်ခုဖြစ်သည့် The Indian Express သတင်းဌာနကလည်း ရေးသားဖော်ပြခဲ့သည်။

“ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက်များ၊ ဒီဖော်ပြချက်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင်၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့ လုပ်ကြံဖန်တီးရေးသားမှုများသာ ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ မီဒီယာကိုလည်း ကျွန်တော်တို့အနေနဲ့ အပြင်းအထန် ရှုတ်ချပါတယ်။ ကန့်ကွက်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရခိုင်လူမျိုးများအဓိကပါဝင်ဖွဲ့စည်းထားသည့် AA လက်နက်ကိုင်များသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသော အခါသမယဖြစ်သည့် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ရာ ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီး များဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် အမှတ်(၂) ရပ်ကွက် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *