၁၈. ၄. ၂၀၂၄
Written by Phyo Wei

နှစ်ဟောင်းက အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့သလို နှစ်သစ်မှာလည်း ဘယ်လိုစိန်ခေါ်မှုမျိုးမဆို အောင်မြင်အောင် ကျော်လွှားမယ်လို့ SAC ဥက္ကဋ္ဌက နှစ်သစ်မိန့်ခွန်းပြောလာချိန်မှာပဲ နှစ်သစ်ကူးကာလမို့ နိုင်ငံသားအကျဉ်းသား ၃၃၀၃ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၆ ဦးအပြင် လူသတ်၊ မုဒိမ်း၊ အဂတိ၊ လက်နက် စတဲ့ အမှုကြီးတွေ ကျုးလွန်မှုမရှိဘဲ အခြားအမှုသေးတွေ ကျုးလွန်ထားသူတွေကို ပြစ်ဒဏ် ၆ ပုံ  ၁ ပုံ လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ဖြစ်စဉ်တွေလည်း တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ AA လက်နက်ကိုင်အဖွဲဲ့ဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နဲ့ မြို့နယ်အတွင်းက ဘင်္ဂါလီကျေးရွာတွေဖြစ်တဲ့ ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနဲ့ ဦးလှဖေကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦတွေနဲ့ လူနေအိမ်တွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် ဘင်္ဂါလီ ၃၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရသလို ဘင်္ဂါလီတွေကို လူကုန်ကူးနေတဲ့ AA အလိုမရှိကြောင်း ဆန္ဒပြမှုဖြစ်စဉ်တွေ မကြာခဏမြင်တွေ့နေရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပြင်ဦးလွင်တိုက်ခိုက်ခံရမှုအကြောင်း၊ မန္တလေးသင်္ကြန်ကို PDF တွေ ဗုံးခွဲတဲ့အကြောင်းနဲ့ နယ်စပ်မှာ တရုတ်က စစ်ရေးလေ့ကျင့်ဦးမယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

◾ ပြင်ဦးလွင်တိုက်ခိုက်ခံရမှု

မဟာသင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် ညပိုင်းမှာ အကြမ်း ဖက်သမားတွေက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အနောက်ဘက်ကနေပြီး ပြင်ဦးလွင်မြို့အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်ခဲ့လို့ အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘဒ္ဒန္တတေဇာနန္ဒနဲ့ ဒုလ္လဘရဟန်း ၁ ပါး စုစုပေါင်း ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် စပါယ်ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့သလို ပြည်သူ့ ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ အသက် ၅ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ်တွေ အပါအဝင် လူနာနဲ့ ဆေးရုံဝန်ထမ်း ၁၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့လို့ စုစုပေါင်းသံဃာတော် ၂ ပါးနဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ရတဲ့အပြင် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက” “မနေ့က ဧပြီလ ၁၄ ရက် ည ၉ နာရီခွဲနဲ့ ၁၀ နာရီခွဲကြားမှာတော့ ပြင်ဦးလွင်မြို့ကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ပြင်ဦးလွင် စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ ပြီးရင် အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ Luxury Hotel နားနဲ့ ရပ်ကွက်ကြီး(၅)ဘက်မှာရှိတဲ့ အရပ်သားနေအိမ်တွေအပေါ်မှာ နေရာ ၈ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းမှာရှိနေတဲ့ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရ ၁၂ ဦး ရရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ်များအပါအဝင် ၁၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး NUG၊ PDF အမည်ခံအကြမ်းဖက်သမားတွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မကြာခင်ကလည်း ဒီအကြမ်းဖက်သမားများအနေနဲ့ ပြင်ဦးလွင်နဲ့ မန္တလေးဆက်သွယ်ထားတဲ့ကားလမ်း ပြင်ဦးလွင်မြို့အဝင်နေရာမှာ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာ ရှိပါတယ်။ ဒီနေရာမှာ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ပြောပေမဲ့ ဒီဖြစ်စဉ်မှာကြည့်မယ်ဆိုရင် ပြင်ဦးလွင်မြို့ အချက်အချာကျတဲ့နေရာတွေ အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံကြီးတို့ Luxury Hotel နားတို့ ရပ်ကွက်ကြီး(၅)က လူနေအိမ်တို့ဆိုတာ သိသာတဲ့နေရာတွေဖြစ်ပါတယ်’လို့ ပြောကြားပါတယ်။

ပြင်ဦးလွင်မြို့ဟာ တပ်မတော်ရဲ့ အသက်သွေးကြောတည်ရာဖြစ်ပြီး ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာလည်း စစ်တက္ကသိုလ်ဝင်းထဲကို ရှော့တိုက်ဒုံးနှစ်လုံးကျပြီး ဗိုလ်လောင်းတွေ ဒဏ်ရာရသူရှိတယ်လို့ Exile မီဒီယာတွေက ရေးသားကြသလို ဒဏ်ရာရပုံတွေထဲက လူငယ်တချို့ပုံတွေကိုလည်း ထုတ်နုတ်ပြောနေတာ တွေ့ရပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေဟာ တပ်မတော်မှာ နာရီကြာချီအသုံးပြုနိုင်တဲ့ ကင်းထောက်ဒရုန်းတွေ အများအပြားသုံးနိုင်ဖို့လိုနေပြီဆိုတာကို ပြဆိုနေတာဖြစ်ပြီး ဝေးဝေးကို ကြာကြာပျံပြီး မြေပြင်ကို ကင်းထောက်မဲ့ ဒရုန်းတွေဟာ မသင်္ကာဖွယ်ရာလှုပ်ရှားမှုတွေကို အန္တရာယ်ကင်းကင်းနဲ့ ထောက်လှမ်းနိုင်မှာဖြစ်ပြီး ဒီလိုထောက်လှမ်းနိုင်မှပဲ အခုလိုမျိုး တိုက်ခိုက်ခံရမှုက ကင်းဝေးပါလိမ့်မယ်။

◾ ဗုံးကွဲတဲ့ မန္တလေးသင်္ကြန်

မဟာသင်္ကြန်အကျနေ့ မနက် ၁၀ နာရီခွဲလောက်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ မြိုတော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်မှာ PDF တွေ ထောင်ထားတဲ့ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲတာကြောင့် ကလေးငယ် ၅ ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

NLD အာဏာလက်လွှတ်ရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြန်လည်ဖြစ်ပွားလာတဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို NUG နဲ့ PDF တွေ EAO တွေက အဓိကလုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလို တိုက်ခိုက်မှုတွေထဲမှာ အဆိုးဆုံးကတော့ မြန်မာနိုင်ငံသားတိုင်းနဲ့ မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ သင်္ကြန်ကို မပျော်ရွှင်ဖို့၊ ပျော်ရွှင်ရင် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခဲ့သလို ဗုံးတွေလည်း နှစ်စဉ်ခွဲခဲ့ကြပြီး ဒီလို ဗုံးခွဲလို့ သင်္ကြန်ပျော်ပြည်သူတွေသေကြေတိုင်း ပျော်ရွှင်နေကြသူတွေကလည်း NLD၊ NUG၊ PDF နဲ့ EAO ထောက်ခံသူချည်းဖြစ်နေတာပါ။ တကယ်ဆိုရင် မြန်မာနိုင်ငံဟာ သင်္ကြန်ကို စတင်ကျင်းပခဲ့တဲ့နိုင်ငံဖြစ်ပေမဲ့ NLD၊ NUG၊ PDF နဲ့ EAO တို့ ခြိမ်းခြောက်တိုက်ခိုက်ဗုံးခွဲနေချိန်မှာ ထိုင်းနိုင်ငံကတော့ မြန်မာသင်္ကြန်ကို ပုံစံမျိုးစုံအတုခိုးပြီး ဆွန်ခရန်နာမည်နဲ့ စီးပွားရှာ ခရီးသွားလာအောင် အမျိုးမျိုး နိုင်ငံ့ပုံရိပ်မြှင့်တင်နေတာပါ။ ဒါကို အစိုးရတစ်ရပ်မကျေနပ်တာနဲ့ NLD၊ NUG၊ PDF နဲ့ EAO တို့က တိုက်ခိုက်ဖျက်ဆီးနေတာကို သဘောပေါက်လာတဲ့ ပြည်သူတွေက ဒီနှစ်မှာတော့ ဘယ်လောက်ဗုံးခွဲခွဲ အလုံးအရင်းနဲ့ ထွက်လည်ကြလို့ ဒီနှစ်သင်္ကြန်ဟာ ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ် အတွင်းမှာ အစည်ကားဆုံးဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ထဲမှာလည်း “ငါတို့ပဲ သင်္ကြန်လုပ်မယ်။ မင်းတို့က အစိုးရလုပ်ပေးတဲ့ သင်္ကြန်တောင် မပျော်နဲ့။ ပျော်ရင်သေမယ်” ဆိုတဲ့ NLD၊ NUG၊ PDF နဲ့ EAO တို့ရဲ့ အတ္တကြီးမှုကို မြင်နေကြပြီဖြစ်လို့ ဒီနှစ်က ပြန်လည်စည်ကားခဲ့တာဖြစ်ပြီး မကြာခင်အချိန်ကာလအတွင်းမှာ မြန်မာ့သင်္ကြန်ဟာ နေရာမှန်ပြန်လာမယ့်အလားအလာမြင်ရတာကတော့ မန္တလေးက ပြည်သူတွေ PDF ဗုံးခွဲလို့သေတဲ့ကြားက အားတက်စရာဖြစ်ရပ်ပါ။

◾ နယ်စပ်မှာ စစ်ရေးလေ့ကျင့်ဦးမဲ့ တရုတ်

တရုတ်က အဓိကစိုးရိမ်ထိတ်လန့်တဲ့ ကျားဖြန့်ကို တိုက်ဖျက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ရှမ်းမြောက်တစ်ခွင်ကို သိမ်းပိုက်ချိန် တရုတ်ဘက်ကို လက်နက်ကြီးကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၃ နိုဝင်ဘာ ၂၅ ရက်မှာ ကျည်အစစ်နဲ့စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်တဲ့ တရုတ်ဟာမြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ နယ်မြေတွေသိမ်းနိုင်ချိန်မှာတော့ ဝင်ညှိပေးပေမဲ့လည်း နယ်မြေမရသေးတဲ့ AA ကြောင့် ရှမ်းမြောက်မှာပဲအပစ်ရပ်ပြီး ရခိုင်ဘက်မှာ နယ်မြေသိမ်းစစ်ပွဲတွေဆင်နွှဲလို့ ၇ မြို့ရသွားတယ်ဆိုတဲ့အထိ နယ်စပ်ကုန်သွယ်ရေးလမ်းပြန်မဖွင့်နိုင်ချိန်မှာတော့ ဧပြီ ၃ ရက်မှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုထပ်လုပ်ခဲ့သလို အခု ရက်ပိုင်းအတွင်း ဧပြီလမကုန်ခင် ကျည်အစစ်နဲ့စစ်ရေးလေ့ကျင့်မှုထပ်လုပ်မယ် ပြောလာပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ထိုင်းအစိုးရက တရုတ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံအပြီးတာဝန်ပေးမှုအရ မြန်မာ့နိုင်ငံရေးကို ဦးဆောင်ဖြေရှင်းဖို့လုပ်လာချိန်မှာလည်း ကျားဖြန့်တွေအများဆုံးထပ်ရှိရာ မြဝတီဟာ ကရင်လက်နက်ကိုင်တွေရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲမှုကို ခံရသလို ဒီရက်ပိုင်းမှာကိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို နေရာရွှေ့ပြောင်းလိုက်ပြီး ကနဦးသတင်းတွေအရ တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ပေးမှာမို့လို့ ပြောင်းရွှေ့လိုက်တာလို့ သတင်းထွက်ပေမဲ့လည်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပူပြင်းတဲ့ရာသီဥတုကြောင့် နေရာရွှေ့တာလို့ ရှင်းလင်းလာတာ တွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေးဟာ ပထဝီအနေအထားနဲ့ နိုင်ငံရေးအခြေအနေအရ အမေရိကန်နဲ့တရုတ် ဝင်ရောက်စွက်ဖက်မှုကို ခံနေရတဲ့အခြေအနေဖြစ်လို့ လက်ရှိအခြေအနေတွေဟာ ဖိအားပေးဖို့ ဒါမှမဟုတ် ကြီးကြီးမားမားပြောင်းလဲဖို့ဖြစ်လာမယ်ဆိုရင်လည်း အဖြစ်သင့်ဆုံးဦးတည်ပြောင်းလဲရမှာက နိုင်ငံအချုပ်အခြာအာဏာမပျက်ပြား၊ နိုင်ငံ့နယ်မြေကို နိုင်ငံသားမဟုတ်တဲ့ လက်နက်ကိုင်ထိန်းချုပ်သူတွေ ခြယ်လှယ်ချင်တိုင်းခြယ်လှယ်ခွင့်မရအောင် ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ရွေးကောက်ခံအစိုးရနဲ့ရှေ့ဆက်ဖို့ပဲ လုပ်ဆောင်သင့်တဲ့ အခြေအနေလို့သုံးသပ်ရမှာဖြစ်ပါတယ်။ သန့်ရှင်းမျှတတဲ့ ရွေးကောက်ခံအစိုးရဖြစ်လာရင် ကမ္ဘာက ဖိအားပေးတာတွေ လျှော့ချရတော့မှာဖြစ်သလို တရားဝင်ရွေးကောက်ခံအစိုးရ Ideology အပြောင်းအလဲအရလည်း ရွေးကောက်ခံအစိုးရကို လက်နက်စွဲကိုင်ဆက်တော်လှန်ဖို့ အင်အားနည်းသွားမှာဖြစ်တဲ့အပြင် ငါတိုက်ယူထားတဲ့နယ်မြေဆိုပြီး အပိုင်စီးခွဲထုတ်တာ၊ ပြည်နယ်တောင်းဖို့လုပ်လာ၊ ကွန်ဖက်ဒရိတ်လိုချင်ပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေကိုလည်း ဗဟိုအစိုးရက တရားဝင်လမ်းကြောင်းကနေသွားဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေလိုက်နာဖို့ တရားဝင်ပြောနိုင်မှာဖြစ်လို့ စစ်ဘုရင်ဝါဒထောင်ချင်တဲ့လက်နက်ကိုင်တွေအဖို့လည်း ထင်တိုင်းကြဲခွင့်မရတဲ့ အခြေအနေကို တရားမျှတတဲ့ရွေးကောက်ပွဲက ပြောင်းလဲပေးမှာဖြစ်ပြီး ဒီလိုမျိုးရွေးကောက်ပွဲကပဲ လက်နက်ကိုင်တွေရဲ့ဒဏ်ကို လည်စင်းခံနေရတဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးထွက်ပေါက်ပါလို့သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *