၁၈. ၄. ၂၀၂၄
Written by Nay Moe

ရခိုင် AA လက်နက်ကိုင်အဖွဲ့က ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်မြို့ကို နှစ်ဆန်းတစ်ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ၄ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယခုညတွင် ထုတ်ပြန်သည်။

ရခိုင်လူမျိုးများအဓိကပါဝင်ဖွဲ့စည်းထားသည့် AA လက်နက်ကိုင်များသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသော အခါသမယဖြစ်သည့် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ရာ ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီး များဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် အမှတ်(၂)ရပ်ကွက် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

AA က ထိုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော လူနေ မြို့/ရွာ ရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန် တကယ်တွင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ခဲ့ရသည်အထိ ဆင်ခြေတုံတရား ကင်းမဲ့စွာ လုပ်ဆောင်ခြင်းသည် အရုပ်ဆိုးအကျည်းတန်သောလုပ်ရပ်ဖြစ်ကြောင်း သတင်းမှန်ထုတ်ပြန်ရေးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *