April 30, 2024

၁၇.၄၂၀၂၄
Translated by Htwe Ko Tun

ယူကရိန်းစစ်တပ်၏ အမှတ် ၂၅ လေကြောင်းချီတပ်မဟာမှ တပ်ဖွဲ့ဝင်ကိုးဦးက ဒွန်တက်ခ်ဒေသအတွင်း အက်ဗ်ဒစ်ဗ်ကာမြို့ အနီးရှိ ရုရှားတပ်ဖွဲ့ဝင်များထံ လက်နက်ချအညံ့ခံသည့် ဗီဒီယိုတစ်ခုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်က ထုတ်လွှင့်ခဲ့သည်။

ဗီဒီယိုအတွင်းတွင် လက်နက်ချယူကရိန်းစစ်သားများက ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့် ယူကရိန်းအစိုးရအပေါ်ပြင်းထန်စွာ ဝေဖန်ပြောကြားမှုများပြုခဲ့ကြသည်ကို တွေ့ကြရသည်။ ယူကရိန်းစစ်သားများက လက်နက်ချရန်ဆုံးဖြတ်ရသည့် အကြောင်းများကိုလည်း ဗီဒီယိုတွင်ပြသသွားခဲ့သည်။

လက်နက်ချ ယူကရိန်းစစ်သားတစ်ဦးကဆိုလျှင် “ကျွန်တော်တို့အကြီးအကဲတွေက ကျွန်တော်တို့အပေါ် လုံးဝဂရုမစိုက်ကြဘူး။ သူတို့တွေက တကယ့်အခြေအနေကိုသုံးသပ်ဖို့ လည်း ရှေ့တန်းကို မလာရောက်ခဲ့ကြဘူး။ သူတို့ကပြောခဲ့ကြတယ်။ ကျွန်တော်တို့အသေခံတိုက်ကြရမယ်လို့၊ ဘာအဓိပ္ပါယ်မှမရှိ ဘဲသေရတာထက်စာရင် ကျွန်တော်တို့ ဒီလိုလက်နက်ချတာက ပိုလို့ကောင်းပါလိမ့်မယ်” ဟုပြောသွားခဲ့သည်။

အခြားတစ်ဦးကလည်း “ကျွန်တော်တို့တပ်မှူးတွေက ကျွန်တော်တို့ကို သေဖို့သက်သက် ရှေ့တန်းကို ပို့နေသလိုပဲ။ကျွန်တော်တို့ကိုတော့ အမြောက်ကျည်ဆံစာအဖြစ်ခံထားပြီး သူတို့ကတော့ ရှေ့တန်းနဲ့ ဝေးရာမှာနေကြတယ်။ ရုရှားဆီမှာ လက်နက်ချ အဖမ်းခံထားရတာက ယူကရိန်းစစ်တပ်အတွက် တိုက်ပေးနေရတာထက်ပိုကောင်းပါလိမ့်မယ်” ဟုဆိုသွားခဲ့သည်။

ယူကရိန်းစစ်တပ်အနေနှင့် ဒွန်တက်ခ် ဒေသအတွင်း အလွန်ဆိုးဝါးသော အခြေအနေနှင့်ရင်ဆိုင်လာရသည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်။ ရုရှားတို့က ဒွန်တက်ခ်ဒေသအတွင်း ချာဆစ်ယာမြို့ကို မေလ ၉ ရက်မတိုင်မီ သိမ်းပိုက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ယူကရိန်းစစ်တပ်အနေနှင့် လူအင်အားရော၊ လက်နက်ခဲယမ်းအင်အားပါ ချို့တဲ့ပြတ်တောက်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *