September 21, 2024

၁၆. ၄. ၂၀၂၄
Written by Nay Moe

အုပ်ချုပ်ရေးမှူးဇနီးမောင်နှံအပါအဝင် ရပ်ကျေးတာဝန်ရှိသူ ပြည်သူငါးဦး တစ်နေ့တာအတွင်း လုယက်သတ်ဖြတ်ခံရမှု ဧပြီ ၁၂ ရက်တစ်နေ့တာအတွင်းဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက်နေ ဦးပေါခွီရှိန်းအောင်(၄၀)နှစ်သည် အဆိုပါရပ်ကွက်ရှိ စိန့်ပက်ထရစ် ကက်သလစ်ဘုရားကျောင်း၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးပေါခွီရှိန်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျီးအင်းကျေးရွာ၌ ဓား၊ သေနတ်များဖြင့် ထိုးခုတ် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်အောင်(ခ)ချစ်စရာ (၇၄)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းမူ(၅၆)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားသုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုအချိန် နံနက် ၈ နာရီခွဲတွင်ပင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန် ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကြည်လေး(၅၄)နှစ်သည် ကျေးရွာ အပြင်ဘက်ရှိ ၎င်းပိုင်ဝက်မွေးမြူရေးတဲ၌ သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက် သမား ၁၀ ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့၍ ဦးကြည်လေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဘုရားလှ ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်စန်းမြင့်(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထို့ပြင် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမြင့်ငွေ(၆၁)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မူ(၅၅)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ ရွှေနားကပ်တစ်ရံ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ငွေတွင် ကျည်ထိ မှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်မူတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ည ၇ နာရီ ၅ မိနစ်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာနေ မဲဂရက်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဖိုးဆောင်း(၇၅)နှစ်သည် မဲဂရက်ကျေးရွာမှ ရွာသစ်ကုန်းကျေးရွာသို့ မဲဂရက်-ရွာသစ်ကုန်း ကျေးရွာချင်းဆက်မြေသားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် ရွာသစ်ကုန်းကျေးရွာအနီးအရောက် အနောက်မှ ဆိုင်ကယ်မောင်းနှင် လိုက်ပါလာသည့် ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ PDF များက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးဖိုးဆောင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *