MT News Editorial

“ယုံကြည်မှုသည် အသိဉာဏ်၏ အဆုံးသတ်မှုဖြစ်သည်” ဟု အမေရိကန်နိုင်ငံသား ပြဇာတ်ရေးဆရာ၊ စာရေးဆရာနှင့် ကဗျာဆရာဖြစ်သူ Robert Anton Wilson က ဆိုခဲ့ဖူးပေသည်။

ယုံကြည်မှုဟုဆိုသည်နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှု၊ အဖွဲ့အစည်းအပေါ် ယုံကြည်မှု၊ လူပုဂ္ဂိုလ်အပေါ်ယုံကြည်မှုများ စသည်ဖြင့် အမျိုးအစား ကွဲပြားလေရာ ယုံကြည်မှုဖြင့်သာ ကျင်လည်ရသော ကျွန်ုပ်တို့၏ လူမှုပတ်ဝန်းကျင်တွင် ယုံကြည်မှုကြောင့်ပင် ကောင်းစားသူများစွာ တွေ့မြင်ဖူးပေသည်။

ထို့အတူ လူလိမ်ကို ယုံမိ၍ ဘဝပျက်သူ၊ ယုံကြည်မှုပျက်သုဉ်းခံရသူများကို မြင်တွေ့ဖူးသလို အလွန်အကျွံယုံကြည်မှုကြောင့် အသိဉာဏ်မဲ့ ထောက်ခံမိသဖြင့် ဘ၀ပျက်ရသူများစွာကိုလည်း ယခုနှစ်ပိုင်းအတွင်း များစွာမြင်တွေ့နေရပေသည်။

ယုံကြည်မှုသည် ဘ၀တစ်ခုကို တည့်မတ်စေရုံနိုင်သာမက အလွန်အကျွံယုံကြည်မိသောကြောင့် ဘ၀ပျက်သူများလည်း ရှိသဖြင့် ထိုသူများကို နမူနာယူပါက ယုံကြည်မှုလွန်ကဲခြင်းမှာ လွန်စွာအန္တရာယ်ကြီးမားသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပေသည်။

လူသတ္တဝါတို့သည် အပြောကောင်းသူများကို ယုံကြည်ချစ်ခင်ကြရာ ထိုသို့အပြောကောင်းသူတွင် မိဘမျိုးရိုးကောင်းမွန်မှု၊ ငွေကြေးဩဇာရှိမှုများဖြင့် ဖုံးလွှမ်းလိုက်ပါက လူသားသဘာ၀အရ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေသည်များကို မမြင်တော့ရုံသာမ ထိုယုံကြည်မှုက မိမိပင်ကိုယ် စဉ်းစားဆင်ခြင်နိုင်သော အသိဉာဏ်ကို သတ်ဖြတ်လေရာ ကျွန်ုပ်တို့မှာ မိမိယုံကြည်မှုအမှားကို ပြန်မမြင်သည့်အပြင် မှားယွင်းနေကြောင်း ဝေဖန်ထောက်ပြသူများကိုပါ မုန်းတီးတတ်ကြပေသည်။

ယုံကြည်မှုအပေါ် သုံးသပ်ရမည်ဆိုလျှင်မူ ယုံကြည်မှု၌ လုံခြုံစိတ်ချရမှု(Sense of Security)၊ ယုံကြည်အားကိုးအားထားပြုနိုင်မှု(Dependability)၊ ယုံကြည့်စိတ်ချသင့်သည့်အတိုင်းအတာ(Level of Credibility) တို့ ပါဝင်ပေသည်။

တစ်စုံတစ်ခု၊ တစ်စုံတစ်ဖွဲ့ကို ယုံကြည်တော့မည်ဆိုပါက ထိုအချက်များနှင့် တိုင်းတာ၍ မယုံသင့်သူကို မယုံခြင်းဖြင့် မိမိဘ၀ မပျက်သုဉ်းရန်နှင့် အသိဉာဏ်လမ်းဆုံးဖြစ်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပေသည်။

ယနေ့မြန်မာနိုင်ငံတွင် ပြည်သူလူထုသည် “ငါတို့ နိုင်နေပြီ”၊ “တော်လှန်ရေးအောင်နေပြီ”ဆိုကာ ကြွေးကြော်သံများကို ယုံမိမှားကာ ဘ၀ပျက်သူများလည်း ရှိနေသည်ကို တွေ့မြင်နေရပေသည်။

ထို့ကြောင့် ထိုကြွေးကြော်သံများကို ယုံစားမိသူများအနေဖြင့် ဆင်ခြင်ဉာဏ်ရှိရန်မှာ ကိုယ်တိုင်ပင် ထွက်ပြေးတိမ်းရှောင်နေရသူများက မိမိအပေါ် လုံခြုံမှုမပေးနိုင်ခြင်း၊ လက်နက်ကိုင်များစွာပေါ်ပေါက်လာသည့်အခြေအနေတွင် မိမိထောက်ခံအားပေးသူ၏ လက်ဝေခံများ အနိုင်ကျင့်လာပါကလည်း ထိုအနိုင်ကျင့်မှုကာကွယ်ပေးမည့် တိကျစွာယုံကြည်အားကိုးနိုင်ရမှုမရှိခြင်း၊ ငွေကြေးအလှုငွေများနှင့် ပတ်သက်ပြီး မကြာခဏမေးခွန်းထုတ်ခံနေရသော ငွေကြေးအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရမှု မဖြေရှင်းနိုင်သူများအပေါ် ယုံကြည်စိတ်ချရသည့်အတိုင်းအတာမရှိခြင်း စသည့်အချက်များကို ချိန်ဆ၍ ထိုစကားများကို ယုံကြည် သင့် မသင့် အကဲဖြတ်သင့်ပေသည်။

ထိုသို့ အသိဉာဏ်မြင့်စွာ အကဲဖြတ်နိုင်ခြင်းအားဖြင့် လူအများ၏ ယုံကြည်မှုအပေါ် အခွင့်ကောင်းရယူကာ မိမိ မိသားစုဘ၀သာယာရေးသာ ကြိုးပမ်းနေသူများအား ယုံကြည်မှုမလွန်ကဲဘဲ အသိဉာဏ်ရှိစွာဆုံးဖြတ်ခြင်းဖြင့်သာ မိမိ မိသားစုဘဝနှင့် နိုင်ငံ အေးချမ်းမည်ဖြစ်ပါသဖြင့် ပြည်သူယုံကြည်အောင် မဖြစ်နိုင်သည်များပြောကာ မစားရဝမခန်း လိမ်နေသည်များကို မယုံကြည်ဘဲ အသိဉာဏ်ရှိစွာ ဆန်းစစ်နိုင်ပါစေဟုလည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *