၁၄.၄.၂၀၂၄
Translated by Htwe Ko Tun

အီရန်က ထောက်ခံအားပေးမှုပြုထားသော ဟစ်ဇ်ဘိုလာအဖွဲ့က ဧပြီလ ၁၂ ရက် ညပိုင်းတွင် ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် အစ္စရေးနိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၁၃ ရက် ည ၁၁ နာရီတွင် အီရန်က အစ္စရေးနိုင်ငံအား ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ် ၃၀၀ ကျော်ဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အီရန်က ဧပြီလ ၁ ရက်တွင် ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို လေကြောင်းတိုက်ခိုက်မှုပြုခဲ့ခြင်းအတွက် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးတစ်နိုင်ငံလုံး၌ပင် လေကြောင်းရန်ကာကွယ်ရေးအချက်ပေးသံများဆူညံနေခဲ့ကာ ဒုံးကျည်များပေါက်ကွဲသံများကိုလည်း ကြားနေခဲ့ရသည်။ လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအုပ်စုနှင့် ယီမင်နိုင်ငံမှ ဟူသီတို့ကလည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒန်နီယယ် ဟာဂါရီက အီရန်က အစ္စရေးနိုင်ငံအား မောင်းသူမဲ့လေယာဉ် အစီး ၁၇၀၊ ခရုဇ်ဒုံးကျည် ၃၀ နှင့် တိုက်ချင်းပစ်ဒုံးကျည် ၁၂၀ တို့အပါအဝင် ဒုံးကျည် ၃၀၀ ကျော်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၉၉ ရာခိုင်နှုန်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။

အီရန်က ပစ်လွှတ်ခဲ့သော ဒုံးကျည်များအနက် တစ်စင်းတစ်လေမျှ အစ္စရေးမြေပေါ်သို့ရောက်ရှိခဲ့ဘဲ ၎င်းတို့ကို အစ္စရေးနိုင်ငံ နယ်နိမိတ်အပြင်ဘက်တွင်ပင် အစ္စရေးလေတပ်နှင့် မဟာမိတ်များက ပစ်ချနိုင်ခဲ့ကြောင်း ဟာဂါရီက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်အရာရှိသုံးဦးကလည်း အစ္စရေးသို့ ဦးတည်လာသော အီရန်၏မောင်းသူမဲ့လေယာဉ်များကို အမေရိကန်က ပစ်ချခဲ့ကြောင်း ပြောခဲ့သည်။ သို့သော် အစင်းရေ မည်မျှပစ်ချခဲ့ရသည်ကို ပြောကြားခြင်းမရှိပေ။ ဂျော်ဒန်လေတပ်မှ ဂျက်လေယာဉ်များကလည်း အစ္စရေးသို့ဦးတည်လျက် ဂျော်ဒန်နိုင်ငံ မြောက်ပိုင်းနှင့်အလယ်ပိုင်းကိုဖြတ်၍ပျံသန်းလာသော အီရန်မောင်းသူမဲ့လေယာဉ်များကို ပစ်ချခဲ့ကြောင်းကြေညာခဲ့သည်။

Ref- Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *