၁၃. ၄. ၂၀၂၄
Written by Pan Ei

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က လူစည်ကားတဲ့ Westfield Bondi Junction စျေးဝယ်စင်တာမှာ ဓားနဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူ ၆ ဦး သေဆုံးခဲ့သလို ဓားနဲ့တိုက်ခိုက်သူကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး အသေဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး အခင်းဖြစ်ရာနေရာကနေ လူပေါင်းရာနဲ့ချီ ထွက်ပြေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ခြောက်ဦးအနက် ငါးဦးက အမျိုးသမီးတွေဖြစ်ပြီး ကိုးလသားကလေးငယ် အပါအဝင် လူရှစ်ဦးကို ဓားဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ နယူးဆောက်ဝေးလ်ပြည်နယ် ရဲအရာရှိ ကာရင်ဝက်ဘ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီစ် ကတော့ ဓားနဲ့တိုက်ခိုက်တဲ့ အမျိုးသားရဲ့ ရည်ရွယ်ချက်ကို မသိရှိရကြောင်းနဲ့ “ဒါဟာ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုဖြစ်ပြီး သာမန် စနေနေ့မှာ ဈေးဝယ်ထွက်နေကြတဲ့ အပြစ်မဲ့သူတွေကို ပစ်မှတ်ထား သိမ်းကျုံးတိုက်ခိုက်ခဲ့တာ” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဩစတေးလျမှာ သေနတ်၊ ဓားနဲ့ တိုက်ခိုက်မှုတွေအတွက် ကမ္ဘာ့အပြင်းထန်ဆုံးဥပဒေအချို့ရှိပြီး ခုလိုစနေနေ့မျိုးမှာ တိုက်ခိုက်မှုဖြစ်ပွားတာကတော့ ရှားပါးလှပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အဆိုပါကုန်တိုက်ကို တနင်္ဂနွေနေ့မှာလည်း ဆက်လက်ပိတ်ထားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *