၁၃. ၄ .၂၀၂၄
Written by Hey Mar

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ကျေးရွာက ဆက်သွယ်ရေးတာဝါတိုင်‌အစောင့် ဇနီးမောင်နှံနှစ်ဦး ကိုင်းတောမီးလောင်ရာက တာဝါတိုင်ဆီ မီးမကူးအောင် မီးငြှိမ်းသတ်ဆောင်ရွက်ရင်း နှစ်ဦးစလုံးမီးဝိုင်းခံရကာ မီးဟပ် လောင်သွားတာကြောင့် ပြည်မထဲ ဝင်ရောက်ဆေးကုသခံယူဖို့ အခက်အခဲတွေရှိနေတယ်လို့ အဆိုပါဇနီးမောင်နှံကို ဆေးကုသနိုင်ရေးကူညီဆောင်ရွက်ပေးနေတဲ့ အောင်ရတနာ ဗောဓိကျောင်းတိုက် ဆရာတော်က MT News ကို မိန့်ပါတယ်။

ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးဟပ်လောင်ကျွမ်းခံရသူ ဇနီးမောင်နှံနှစ်ဦးက ဦးလွှမ်းအောင်နဲ့ဒေါ်တင်တင်ဝင်းလို့ သိရပါတယ်။ လက်ရှိမှာ တောင်ကုတ်ဆေးရုံကနေ ပြည်ဆေးရုံဆီ သွားရောက်ကုသမှုခံယူရမှာဖြစ်ပြီး ငွေကြေးလိုအပ်ချက်လည်း ရှိနေလို့ အောင်ရတနာဗောဓိ ဂွေးတောက်ဆရာတော်က ဦးဆောင်မတည် အကုန်အကျခံကာ စေတနာရှင်တွေကလည်း ဝိုင်းဝန်းလှူဒါန်းနေကြပါတယ်။

အောင်ရတနာဗောဓိ ဆရာတော်က “သည်က ကိုင်းမီးလောင်တာက ရှို့မှမဟုတ်ဘူး။ မီးပွားစင်ရုံနဲ့ လေကြောင်းသင့်ရင် ထလောင်ချင်လောင်တာ။ ဘုန်းဘုန်းတို့ဘက်မှာ ယမ်းပေါက်လေလို့ ခေါ်တဲ့ ဒီရာသီမှာ တိုက်တတ်တဲ့လေကြမ်းပေါ့။ အဲ့ဒီ့လေက ဝင်တဲ့အချိန်နဲ့ တာဝါတိုင်နားလောင်ချိန် သူတို့က မီးတား ထွက်လုပ်ရတာကနေ လေက မီးကြောင့် သူတို့ကိုပြန်ဝိုင်းသွားတာ။ မလွတ်တော့ဘူးဖြစ်နေရာက လူတွေမြင်ပြီး လူနိုင်လို့သာ အသက်ကယ်နိုင်တာ။ သူတို့ရဲ့ အသက် ၆ နှစ်အရွယ် ကလေးအငယ်လည်း အခုကျောင်းမှာ စောင့်ရှောက်ပေးထားတယ်”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်မိန့်ပါတယ်။

ခန္ဓာကိုယ်ရဲ့အပေါ်ယံ အရေပြားအလွှာ မီးဟပ်ထားပြီး ဝေဒနာပြင်းထန်တဲ့ လူနာနှစ်ဦးကို ပြည်ဆေးရုံကို ပို့ဆောင်ရမှာမို့ နွမ်းပါးသူတွေလည်း ဖြစ်တာကြောင့် စေတနာမေတ္တာရှေးရှုကာဖြင့် ဆေးကုသစရိတ် လှူဒါန်းကြပါရန်လည်း ဂွေးတောက်ဆရာတော်က မေတ္တာရပ်ခံထားပြီး ဆက်သွယ်လှူဒါန်းလိုပါက 09 770 852 793 ဂွေးတောက်ဆရာတော်ထံ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *