၁၂. ၄. ၂၀၂၄
Written by Hey Mar

လေးရက်ကြာပျောက်ဆုံးနေတဲ့ လူငယ်ကို ထိုးသွင်းဒဏ်ရာတွေနဲ့ ​မြေမြှုပ်ထားတဲ့အလောင်းအဖြစ် ပြန်လည်တွေ့ရှိရတာကြောင့် ဒီနေ့ ဧပြီ ၁၂ ရက် မွန်းတည့်ချိန်လောက်မှာ ပြန်လည်တူးဖော်သင်္ဂြိုဟ်ခဲ့ရတယ်လို့ မြစ်ကြီးနားလူမှုကယ်ဆယ်ရေးအသင်းထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က နွားကျောင်းရင်း ပျောက်ဆုံးတယ်လို့ဆိုတဲ့ မြစ်ကြီးနား၊ တပ်ကုန်း(ထွယ်ဆန်ရပ်ကွက်)မှာနေထိုင်သူ မောင်ဒိုင်နာလရိန်(ခ)လကီး (၂၂ နှစ်)ကို နန်းကွေ့ တောအတွင်းတစ်နေရာ(ဒေသအခေါ်-မိုင်ဒေးကွင်း)မှာ လည်မျိုပတ်လည် ထိုးသွင်းဒဏ်ရာနဲ့ မြေမြှုပ်ခံထားရတာကို တာဝန်သိပြည်သူတစ်ဦးက သိရှိလာတာကြောင့် မိသားစုဝင်တွေက အသင်းရုံးဆီ ဆက်သွယ်အကူအညီတောင်းခံလာတာလို့ သိရပါတယ်။

“ကျွန်တော်တို့ ကြားတာတော့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ အဲ့ဒီ့ကလေး ဆုံတယ်လို့ကြားတယ်။ သူက ထွက်ပြေးတော့ တစ်ဖက်က ပစ်တယ်ထင်တယ်။ ကျည်ခွံနဲ့ ကျည်ရာတချို့လည်း တွေ့တယ်။ အလောင်းကို မြှုပ်ထားတယ်ဆိုတာ တာဝန်သိပြည်သူက ပြောလို့ မိသားစုသိတယ်ပေါ့။ ပြန်ဖော်ပေးပြီး နန်းကွေ့သုဿန်မှာ ပြန်လည်သင်္ဂြိုဟ်မြုပ်နှံလိုက်တယ်။ ဒီနေ့ပဲ”လို့ ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *