၁၂. ၄. ၂၀၂၄
Written by Ye Kyaw

နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer (၁၉) ခုအား ဧပြီ ၁၁ ရက်တွင် ထပ်မံအရေးယူခဲ့၍ တစ်လကျော်အတွင်း Money Changer ၄၈ ခုအထိ အရေးယူထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဧပြီ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုရှိသည့် Air Than Lwin၊ Albert Brothers၊ Dagon Win Win၊ Emerald Rose Garden ၊ Gran Andaman ၊ Grumman Investment Holding၊ Mahar Bawga Money Exchange၊ Mann Yadanarpon Airlines၊ Min Myanmar Chit Khant Family Services၊ Myanmar Hotels International၊ New Dawn ၊ Safe Net Union ၊ Shwe Nay La Win၊ Smile World ၊ Taw Win San Htar Hotel ၊ Yadana Sein Win Win၊ Yadana Shwe Pyi၊ Yoe Yoe Yin Yin စသည့် Money Changer ကုမ္ပဏီနှင့်လုပ်ငန်း  ၁၈ ခုအား  လိုင်စင် ခြောက်လဆိုင်းငံ့ခြင်းနှင့် Shwe  Khaing Toe Co., Ltd ၏ Money Changer လိုင်စင်အား ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က မတ်လ ၆ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဥပဒေပါ အချက်များ လိုက်နာမှုမရှိသည်ကို စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေပြီး ဧပြီလ ၁၁ ရက်မတိုင်မီ တစ်လကျော်အတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer (၁၈) ခုအား လိုင်စင်ရုပ်သိမ်းခြင်း၊ Money Changer (၅) ခုအား လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer (၂၅) ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့် စုစုပေါင်း Money Changer (၂၈) ခုအား အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။

ထိုသို့အရေးယူဆောင်ရွက်နေသော်လည်း ‌ဒေါ်လာဈေးကစားသူများကြောင့် လက်ရှိအချိန်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများထက် ဒေါ်လာဈေးနှုန်း ကျော်လွန်မြင့်တက်ခဲ့ကာ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၈၇၀ အထိ မြင့်တက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *