၁၂. ၄. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာနိုင်ငံပိုင် မြဝတီမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခတိုက်ပွဲအခြေအနေများ ထိုင်းနိုင်ငံဘက်သို့ ကူးစက်မလာစေရန် မြန်မာအစိုးရက အာမခံ ပေးပါရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်က ဧပြီလ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့ကိုလည်း ပဋိပက္ခအခြေအနေအပေါ် မြန်မာဘက်နှင့် ညှိနှိုင်းဆွေးနွေးသွားရန်လည်း ညွှန်ကြားခဲ့သည်။

ဘန်ကောက်မြို့တွင် ဧပြီ ၁၁ ရက်က သတင်းထောက်များနှင့်တွေ့ဆုံရာ၌ ၎င်းက နှစ်နိုင်ငံနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်ဖက်ကမ်းရှိ မြဝတီမြို့၌ မြန်မာ့တပ်မတော်နှင့် KNU ကရင်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းအပေါ် ရည်ညွှန်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

သတင်းအချို့က မြဝတီမြို့ရှိ မြန်မာ့တပ်မတော် ခြေလျင် တပ်ရင်း ၂၇၅ ၏ဌာနချုပ်စခန်းမှာ သောင်းကျန်းသူများလက်သို့ ရောက်ရှိသွားပြီဟုဆိုသော်လည်း မြန်မာအာဏာပိုင်များက အဆိုပါတပ်ရင်းဌာနချုပ်ကို ဆုံးရှုံးခြင်းမရှိကြောင်း ပြောခဲ့ကြသည်။ ဝန်ကြီးချုပ် ဆရက်သာက ထိုပဋိပက္ခမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့အနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ပဋိပက္ခအခြေအနေ ထိုင်းဘက်သို့ ကူးစက်မလာစေရေး အာမခံပေးရန်ပြောရမည် ဟုဆိုခဲ့သည်။

ထို့ပြင် ထိုင်းဝန်ကြီးချုပ်က ထိုင်းတော်ဝင်လေတပ်ဦးစီးချုပ်နှင့် တိုက်ပွဲအခြေအနေအလားအလာကို ဆွေးနွေးရန် ၎င်းက စီစဉ်ထားကြောင်းလည်း ပြောခဲ့သည်။ ၎င်းက ထိုင်းလေကြောင်းပိုင်နက်ကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်းလည်း ဆက်လက်ပြောခဲ့သည်။

ဆရက်သာက အက်ဖ်-၁၆ တိုက်လေယာဉ်များကို ထိုင်းဝေဟင်ပိုင်နက်ကို ကာကွယ်ရန်အသုံးပြုရေးအတွက် အလားအလာ ရှိသော်လည်း ၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် တင်းမာမှုတစ်စုံတစ်ရာဖြစ်ရန် မလိုလားကြောင်းလည်း ပြောခဲ့သည်။ ထိုအတောအတွင်း တိုက်ပွဲများကြောင့်ထွက်ပြေးလာသော မြန်မာ စစ်ဘေးရှောင်ဒုက္ခသည်တစ်သိန်းအထိ ထိုင်းနိုင်ငံတွင် လက်ခံနေရာချထားပေးနိုင်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *