၁၁. ၄. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးတို့၏ ဂါဇာဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုတစ်ခု၌ ဟားမားစ်တို့၏ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ၏ သားဖြစ်သူသုံးဦး ဧပြီလ ၁၀ ရက်က သေဆုံးခဲ့ကြောင်း သိရရာ အပစ် အခတ်ရပ်စဲရေးနှင့် ဓားစာခံအကျဉ်းသားများအပြန်အလှန်လဲလှယ်ရေး ဦးတည်ဆောင်ရွက်နေသော ညှိ နှိုင်းဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အဆိုပါသုံးဦးက ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် အကြမ်းဖက်ဆောင်ရွက်မှုများပြုလုပ်ခဲ့သည့် ဟားမားစ်တို့၏ စစ်ရေးသူလျှိူများအဖြစ်သုံးသပ်ရကြောင်းလည်း ပြောခဲ့သည်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့နှင့် အစ္စရေးလုံခြုံရေးအေဂျင်စီတို့က အစ္စရေးတပ်ဖွဲ့များအနေဖြင့် ဟားမားစ်တို့၏ စစ်ဘက်ရေးရာတပ်ဖွဲ့တွင် ကလပ်စည်းတပ်မှူးဖြစ်သော အမား ဟာနီယာ၊ ဟားမားစ် စစ်ရေးသူလျှိူ များဖြစ်သော မိုဟာမက် ဟာနီယာနှင့် ဟေဇင် ဟာနီယာတို့ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်းပြောခဲ့သည်။

၎င်းတို့သုံးဦးက ဂါဇာမြို့ အနောက်မြောက်ဘက်ရှိ အယ်လ်ရှာတီ ဒုက္ခသည်စခန်းအတွင်းကားကို မောင်းနှင်လာကြစဉ် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုခံရကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ဟားမားစ် အစိုးရ မီဒီယာကမူ ဟာနီယာမိသားစုမှာ အစ္စလမ်ဘာသာဝင်တို့၏ ဘာသာရေးပွဲတော်အခမ်းအနားအတွက် လူမှုရေးနှင့် မိသားစုလည်ပတ်မှုများကိုဆောင်ရွက်နေစဉ် သေဆုံးခဲ့ရခြင်းဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံတွင် အခြေစိုက်လျက်ရှိသော ဟာနီယာက ၎င်း၏သားသုံးဦးမှာအစ္စရေးတို့လက်ချက်ကြောင့် ကျဆုံးခဲ့သော်လည်း ဟားမားစ်တို့အနေနှင့် ကြောက်ရွံ့သွားမည်မဟုတ်ကြောင်း၊ ၎င်းတို့၏မြေကို ကာကွယ်ထိန်းသိမ်းရန် ပိုမိုမြဲမြံသော အခြေခံမူများကို ပို၍ခိုင်မာစွာရပ်တည်သွားမည်ဟုပြောခဲ့သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *