၁၁. ၄. ၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုလင်းကျေးရွာ အုပ်စု၊ အရှေ့ပုလင်းကျေးရွာတွင် ဧပြီလ ၁၀ ရက် ညနေ ၅ နာရီ မိနစ်၂၀ ခန့်က မီးဖိုမီးကြွင်းမီးကျန်ကြောင့် နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။

မီးလောင်မှုမှာ လမ်းလုပ်သားတစ်ဦးနေထိုင်သော အလျား ပေ ၂၀၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း မြေစိုက်နေအိမ်တစ်လုံးတွင် အသက် ၉ နှစ်အရွယ် သမီးဖြစ်သူ ထမင်းချက်ခဲ့ရာ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် ထရံသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ထရံကာ ပျဥ်ခင်းနေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊​​ ရေသယ်ယာဥ် ၄ စီး၊ပုလင်းကမ်းသာယာ ဆင်စခန်းမှ ရေသယ်ယာဥ် ၂ စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃၈ ဦး၊ ကရုဏာရှင် လူမှုကူညီရေးအသင်း၊ ကဲကဲတို့အဖွဲ့ ရေအလှူတော်အသင်း၊ ညောင်ဦးလူငယ်လူမှုကူညီရေးအသင်းတို့မှ အသင်းသားတို့နှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ​မီးငြိမ်းခဲ့သည်။

“အိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပေမယ့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက် သေဆုံးမှုတော့မရှိခဲ့ပါဘူး”ဟု မီးငြှိမ်းသတ်သူ တစ်ဦးက ပြောသည်။

လူနေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးမှုကြောင့် လမ်းလုပ်သား အသက် ၃၆ နှစ်အရွယ် ဦးဆန်းလင်းဦးကို ညောင်ဦးမြို့မရဲစခန်းက ပုဒ်မ ၂၈၅​ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *