၁၁. ၄. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း၊ ဘလူးချိစတန်ပြည် နယ်၊ ဟတ်ခရိုင်အတွင်း အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်နေ့ ဝတ်ပြုရန်နေရာတစ်ခုသို့အသွား ထရပ်ကားတစ်စီးတိမ်းမှောက်မူကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံးကာ ၄၁ ဦးဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၁၁ ရက်တွင်ပြောကြားခဲ့ကြသည်။

အဆိုပါကားမတော်တဆမှုက ဧပြီလ ၁၀ ရက်၊ ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဟတ်ခရိုင်၏ ဒုတိယခရိုင်မင်းကြီးဖြစ်သော မူနာအာမက်ကပြောခဲ့ပြီး ထိခိုက်သေဆုံးမှုစာရင်းကိုလည်း အတည်ပြုခဲ့သည်။

၎င်းက ထရပ်ကားမှာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်လာကာ တောင်ထူထပ်သောမြို့အတွင်း ဝတ်ပြုမှုပြုကြမည့်နေရာအနီးအရောက် အကွေ့တစ်ခု၌ ယာဉ်မောင်းက အရှိန်ကိုမထိန်းနိုင်တော့ဘဲ လျှိုတစ်ခုထဲသို့ ထိုးကျသွားခဲ့ခြင်းဟု ပြောခဲ့သည်။ ယာဉ်မောင်းက ကားအတွင်းမှခုန်ထွက်ကာ ဘေးကင်းစွာဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။

ဟတ်ခရိုင်ဆေးရုံကြီးမှ ဆေးဘက်ဆိုင်ရာ ဒုတိယကြီးကြပ်ရေးမှူး ရှောခတ် ဂျာလ်ဘာနီက ထိုဖြစ်စဥ်တွင် စုစုပေါင်းလူ ၁၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူအများစုကို အနီးရှိ ကရာချိမြို့ဆေးရုံသို့ ဆက်လက်ကုသမှုပြုရန် ပို့ပေးခဲ့ကြောင်းလည်း ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှုများပြားရခြင်းက လုံခြုံစိတ်ချရမှု ဆိုင်ရာဆောင်ရွက်ချက်များ လျော့ရဲခြင်း၊ ယာဉ်မောင်းများ၏ ကျွမ်းကျင်မှုလျော့နည်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးအ‌ခြေခံအဆောက်အအုံ အိုမင်းဟောင်းနွမ်းနေခြင်း စသော အကြောင်းများကြောင့် ဖြစ်လေ့ဖြစ်ထရှိသောကိစ္စတစ်ခုသဖွယ် ဖြစ်နေရသည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *