၁၁. ၄. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်မှာ ဘိန်းဖြူလက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံက အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့ (ဧပြီလ ၁၀ ရက်) က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ချင်းပြည်နယ် ခေါသလီရ်(Kawthlir) ရွာမှာ နေထိုင်သူ ဟာရန်ဂါကာပါ လို့ အမည်ရတဲ့ အဆိုပါ မြန်မာနိုင်ငံသားကို မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင် ခုအမ်လန်ရွာအနီးမှာ မှောင်ခိုသွင်းလာတဲ့ ဘိန်းဖြူ ၈၁၀ ဂရမ်နဲ့ ပြီးခဲဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga က ပြောကြားခဲ့ပါတယ်။

သူ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ အက်ဥပဒေ ပုဒ်မတွေနဲ့ စွဲချက်တင်ထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မီဇိုရမ်ပြည်နယ်တောင်ပိုင်း ဆီရာဟာခရိုင်မှာ မြန်မာနိုင်ငံသားနှစ်ဦးအပါအဝင် လူလေးဦးကို သက်သေအထောက်အထားမပြနိုင်တဲ့ စာရင်းမရှိတဲ့ ငွေသားတွေလက်ဝယ်ထားရှိမှုနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိတဲ့ သက်သေအထောက်အထားမပြနိုင်တဲ့ စာရင်းမရှိငွေတွေကို ကားတွေအတွင်း ဝှက်သယ်ဆောင်လာခဲ့ခြင်းဖြစ်ကာ စုစုပေါင်း အိန္ဒိယငွေ ရူပီး ၁ သိန်းနဲ့ မြန်မာငွေ ၇၇,၄၇၄,၅၀၀ ကျပ် တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *