၁၁. ၄. ၂၀၂၄
Written by Pan Ei

ဂျပန် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကုမ္ပဏီ KDDI ဟာ မြန်မာအစိုးရရဲ့လုပ်ငန်းယူနစ်တစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ စပ်လျဉ်းတဲ့ ​လုပ်ငန်းတွေမှာ အရှုံးပေါ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

KDDI ဟာ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွက် သူရဲ့ အသားတင်အမြတ်ငွေ ခန့်မှန်းချက်မှာ ယန်း ၆၃၅ ဘီလျံရှိခဲ့ပေမဲ့ ယန်း ၄၅ ဘီလျံ ဆုံးရှုံးခဲ့ပြီး အမှန်တကယ်ရရှိခဲ့တဲ့ အမြတ်ငွေက ယန်း ၅၉၀ ဘီလျံသာရှိခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အမြတ်ငွေဟာ အနည်းငယ်တိုးလာမယ်လို့ ခန့်မှန်းထားကြပေမဲ့ အရင်နှစ်ကထက် ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

KDDI နဲ့ ဂျပန်ကုန်သွယ်လုပ်ငန်းစု Sumitomo ကော်ပိုရေးရှင်းတို့ကြား ဖက်စပ်လုပ်ငန်းခွဲဖြစ်တဲ့ KDDI Summit Global Myanmar ဟာ MPT ရဲ့မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်ကာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေခဲ့တာပါ။

KDDI၊ Sumitomo ကော်ပိုရေးရှင်းရဲ့ အဆိုအရ မြန်မာအစိုးရက ၂၀၂၂ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ ဒေါ်လာလဲလှယ်မှု စည်းမျဉ်းတွေကြောင့် ဒေါ်လာအခြေခံ ချေးငွေလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီး ဆက်သွယ်ရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ လိုငွေပြနေခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေဟာ အန္တရာယ်တွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး အနာဂတ်အတွက် ဖြစ်နိုင်ခြေ အမျိုးမျိုးရှိတဲ့ ရွေးချယ်စရာတွေ ရှိနေပေမဲ့ အခုအချိန်အထိ မြန်မာနိုင်ငံမှာ လုပ်ငန်းကို ဆက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” လို့လည်း Sumitomo ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Ref; Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *