၁၁. ၄ .၂၀၂၄
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မတ္တရာကားလမ်း ကြာနီကန်အရှေ့ဘက်၊ အင်ကျယ်ရွာနဲ့မင်းကန်ကြား အိမ်ရှေ့မင်းထန်းတောအနီးမှာ မီနီအိုးဝေမောင်းနှင်သူကို လည်ပင်းလှီးဖြတ်ပြီး မီနီအိုးဝေ လုယက်ခံရတဲ့ ဖြစ်စဥ် မနေ့က ဖြစ်ပွားခဲ့တယ်လို့ မီနီအိုးဝေ တက္ကစီဂရုတာဝန်ရှိသူထံက သိရပါတယ်။

လုယက်သူတွေက TVS မီနီအိုးဝေ ယာဉ်အမှတ် 16U/ 7118 နဲ့အတူ ဖုန်းနဲ့ ငွေသားအချို့လည်း ယူဆောင်သွားတယ်လို့ ယူဆရကာ ထွက်ပြေးနေကြောင်း၊ လုယက်ခံရသူက ၈၆ လမ်းနဲ့ ၈ လမ်းမြောက်ပြင်ဘက်မှာ နေထိုင်သူဖြစ်ဖြစ်ပြီး ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ နေ့လယ်ခင်း ထမင်းပြန်မစားလို့ ဖုန်းဆက်စဥ် ဖုန်းကို ချပစ်ပြီးကတည်းက အဆက်အသွယ်မရတော့ဘဲ စက်ပိတ်သွားပေမယ့် ဖုန်းဘတ္ထရီအားကုန်တယ်လို့သာ ထင်မှတ်ခဲ့တာကြောင့် အမှုမဲ့ အမှတ်မဲ့သာ နေမိခဲ့ကြောင်း၊ ညမိုးချုပ်တဲ့အထိ အဆက်အသွယ်မရ ပြန်မလာမှ အကူအညီတောင်းကာ လိုက်ရှာခဲ့ကြောင်း၊ နယ်ခံပရဟိတနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ချိတ်ဆက်မှုကြောင့် ည ၉ နာရီ အချိန်ခန့်မှာ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ရောက်ရှိနေတာကို မိသားစု သိရှိရတာလို့ သိရပါတယ်။

အသတ်ခံရသူ တက္ကစီသမားမှာ လူမမယ် ၃ နှစ်ကျော်အရွယ် သားငယ်လည်း ကျန်ရစ်ပြီး ဒီနေ့ ၁၁ ရက်နေ့ မနက် ၁၀နာရီခန့်က ဆေးရုံမှာ အလောင်းသွားရောက်ထုတ်ယူကာ နေ့လည် တစ်နာရီက အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။

မန္တလေး မီနီအိုးဝေ တက္ကစီဂရုတာဝန်ရှိသူက “သူက သူ့အိမ်နားလမ်းထိပ်က ဓမ္မာရုံမှာပဲ ဂိတ်ထိုးတာ။ ကျွန်တော်တို့ မီနီအိုးဝေ တက္ကစီအဖွဲ့ ရဲ့ Viber ဂရုမှာ အိုးဝေသမားတစ်ယောက် ပျောက်နေတယ်။ တွေ့မိလား စုံစမ်းပေးကြပါဦးဆိုမှ ချိတ်ဆက်ကူညီဖြစ်တာပါ။ မန္တလေးမှာ ဆိုင်ကယ်လုခံရ၊ ရိုက်ခံ ခုတ်ခံရတာတွေက နေ့စဥ်လို ကြားနေရတာ။ အခု မီနီအိုးဝေသမားတွေ ဘက်ပါလှည့်လာတာပေါ့။ ၆ မိုင်၊ ၇ မိုင်ဘက်မှာဆို ရိုက်လုသွားတာ အခုထိ အိုးဝေ ပြန်မရသေးတာတွေ ရှိတယ်။ အရင်က လူတော့ မသေဘူးပေါ့။ ဓားထောက်လုတာမျိုးပေါ့။ အခုက သတ်တဲ့အထိဆိုတော့ဗျာ။ ပြောချင်တာက နောက်မှာ ဘဝတွေ ရှိတယ်။ မိသားစုရှိတယ်။ ပစ္စည်းယူပြီး တော်ပြီပေါ့။ အဲ့လောက်ထိ မလုပ်ကြပါနဲ့။ အခုက ကျွန်တော်တို့ ကိုယ်တိုင်လည်း မျက်နှာစိမ်းဆို မလိုက်ရဲတော့ဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

လုယက်ခံရသူတွေကို သက်ဆိုင်ရာက စုံစမ်းရှာဖွေကာဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး တရားခံများ အမြန်ဆုံးမိအောင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့များ ကူညီဖော်ထုတ်ပေးကြပါလို့လည်း မီနီအိုးဝေအဖွဲ့သားတွေက မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *