၁၀. ၄ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်
နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယား ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်၊ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်တွေအရသိရှိရပြီး၊ အဆိုပါကြေညာချက်ထဲ ပါဝင်တဲ့ ရန်ကုန်၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့ကို MT News က လက်လှမ်းမှီသရွေ့ စုံစမ်းကြည့်ရာမှာ ဒီနေ့ညပိုင်းအထိ မိုးထစ်ချုန်းရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်ပြီး လျှပ်စစ်မီးပြတ်တောက်တာ၊ ဓာတ်အားလိုင်းကြိုးပြတ်ကျတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ် မိုးရွာမှုတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ဃန်ကျွန်းမြို့နယ်၊ ရတနာလမ်းမပေါ် မလ်ိခအိမ်ရာအနီးမှာ အမျိုးသားလူရွယ် တစ်ဦးတည်းမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီး စလစ်ဖြစ်ကာ အရှိန်လွန် တိမ်းမှောက်ခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ဖြစ်စဥ်အတွင်း ယာဥ်မောင်း ထိခိုက်ပွန်းပဲ့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တာကြောင့် ဆေးရုံတင်ပို့ခြင်းမပြုတော့ဘဲ သက်ဆိုင်ရာ ယာဥ်မှုစစ်က စစ်ဆေးမေးမြန်းဖို့ ခေါ်ယူသွားတယ်လို့ မေတ္တာသီတာရေစင်ပရဟိတအသင်းက သိရပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ ကျားသုံးကောင်အပိုင်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ ကျွန်းပင် လေပြင်းတိုက်ရာက ကျိုးကျပြီး လူနှစ်ဦးလိုက်ပါစီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ် ကျခဲ့တာကြောင့် ဆိုင်ကယ်တိမ်းမှောက် သတိလစ်မေ့မြောကာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးခဲ့ရတဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၁၀ ရက် ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ပီတိနှလုံးသား လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ မျက်နှာပွန်းပဲ့ဒဏ်ရရှိပြီး နောက်က လိုက်ပါစီးနင်းလာသူအမျိုးသမီးမှာ သတိလစ်မေ့မြောသွားတာကြောင့် ဒဏ်ရာရရှိသူနှစ်ဦးကို မြေပြင်ကုသမှုတွေ ပြုလုပ်ပေးပြီး ပီတိနှလုံးသားလူမှုကယ်ဆယ်ရေး အသင်းသားတွေက သိမ်ဆိပ် တိုက်နယ်ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပီတိနှလုံးသား လူမှုကူညီရေးအသင်း တာဝန်ရှိသူက “လေအတော်ပါနေတာ။ လျှပ်စီးနဲ့ မိုးခြိမ်းပေမယ့် မိုးတစ်ဖြောက်နှစ်ဖြောက်ပဲ ကျလာတယ်။ လမ်းမတန်း အပင်တချို့ ကိုင်းကျိုးတာတွေလည်းရှိတယ်။ အခုဖြစ်စဥ်ကတော့ လူထိတာပေါ့။ သတိလစ်လို့သာ အရေးပေါ် အဆင့်သတ်မှတ်ထားတာာပါ။ ကားပေါ်မှာ သတိပြန်လည်ပေမယ့် ကောင်းကောင်းမရလို့ ဆေးရုံအရေးပေါ် ပို့ခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

မနေ့က ဧပြီလ ၉ ရက်နေ့ကလည်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ကန်တော်လေးအနီးမှာ လမ်းဘေးသစ်ပင်ကျိုးကျရာက ကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်စီးပေါ်၊ သစ်ကိုင်းကျိုးကျခဲ့တာကြောင့် ကားနှစ်စီးပျက်စီးပြီးဆိုင်ကယ်မောင်းနှင်လာသူ လက်ကျိုးတဲ့ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *