၁၀. ၄. ၂၀၂၄
Written by Nyein Kyaw

ပဲခူး-မော်လမြိုင်လမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထား ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရန်ကုန် – မန္တလေးရထား လမ်းပိုင်းအတွင်း အုတ်တွင်းမြို့နယ်နှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲမှု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ပဲခူး-မော်လမြိုင်လမ်းပိုင်း သဲဖြူကုန်းမှ ကလိ ခရီးစဉ်အဖြင့် ထွက်လာသည့် အမှတ် (၆၈၆) အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၅/၉-၁၀ အရောက် ရထားခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၅ မိနစ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင် ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်း‌ရှေ့ မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်းနားနေတွဲနှင့် ကျောက်တွဲ (၂)တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှထွက်ခွာလာသော အမှတ် (၈၁) အဆန် လူစီးရထားသည် ကျိုက်ထိုဘူတာ၌ ရပ်နားခဲ့ရပြီး အဆိုပါရပ်ထားနှင့် လိုက်ပါလာသော ခရီးသည် ၇၄၁ ဦးအား မော်တော်ယာဉ် ၈ စီးဖြင့် နေ့လယ် ၁ နာရီ ၁၀ မိနစ်မှစတင်၍ သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့ရသည်။

ထို့ပြင် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန်ရထားသည် သထုံဘူတာသို့ ရောက်ရှိခဲ့ရာ ကျိုက်ထိုမှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ မော်လမြိုင်ဘက်သို့ အမှတ် (၈၁) အဆန်ရထားဖြင့် ပြန်လည်ထွက်ခွာ ပို့ဆောင်ခဲ့သည်။

သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ် (၈၂) အစုန်ရထားဖြင့် လိုက်ပါလာသည့် ခရီးသည် ၂၉၈ ဦးအား ကျိုက်ထိုမှ ရောက်ရှိလာသည့် မော်‌တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့ အမှတ် (၈၂) အစုန်ရထားဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့် တွဲများအား မ တင်၍ လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အလားတူ ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာအကြား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး ရှင်းလင်းဆောင်ရွက်ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၁၃၀ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၅၃ ကြိမ် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *