၁၀. ၄. ၂၀၂၄
Written by Shwe Phyo
ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ယာမာဇာကီ ကာဇူယူကီသည် ပြီးခဲ့သောရက်ပိုင်းတွင် ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး SAC အစိုးရကို အချက်သုံးချက် လုပ်ဆောင်ပေးရန် ဂျပန်အစိုးရကိုယ်စား တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ဂျပန်သံအမတ်ကြီးက တောင်းဆိုရာတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ရေးလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည် အပြင် (NLD)ပါတီခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီစနစ်ကို အမြန်ဆုံးအသွင်ကူးပြောင်းရန် စသည့်အချက်သုံးချက်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂျပန်အစိုးရသည် မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီးက ထပ်မံပြောဆိုခဲ့သည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံရှိလူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၇သန်းထပ်မံကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံက လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ပေးရာတွင် အစိုးရကို တိုက်ရိုက်ပံ့ပိုးပေးသွားမည်မဟုတ်ဘဲ နိုင်ငံတကာအဖွဲ့စည်းများအပြင် မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံက ကူညီထောက်ပံ့ပေးမည့် လူသားချင်းဆိုင်ရာအကူအညီများထဲတွင် ဆေးဝါး၊ အစားအစာ၊ ပညာရေး၊ ရေတို့အပြင် ကိုယ်ဝန်သည်အမျိုးသမီးများအတွက် အာဟာရဖြည့်တင်းနိုင်ရေး စသော အကူအညီများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
REF , america-times
