၁၀.၄.၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဆီးရီးယားစစ်မျက်နှာတွင် ဟစ်ဇ်ဘိုလာအဖွဲ့အသုံးပြုနေသည့် စစ်ဘက် အခြေခံအဆောက်အအုံများကို တိကျသော ထောက်လှမ်းရေးသတင်းများအရ လေကြောင်းမှတိုက်ခိုက်မှုပြုခဲ့ကြောင်း ဧပြီလ ၁၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အစ္စရေးစစ်ဘက်အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း အခိုင်အမာ အမြစ်တွယ်နေရာယူလာနေသည့် ဟစ်ဇ်ဘိုလာအုပ်စုကို တားဆီးတိုက်ခိုက်သွားရမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

လွန်ခဲ့သောရက်သတ္တပတ်များကပင် ဂါဇာဒေသတွင် ဟားမားစ်တို့နှင့် တိုက်ခိုက်မှုများပြုနေစဉ်ကတည်းက အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် ဟစ်ဇ်ဘိုလာတို့အား ရင်ဆိုင်ရန်အသင့်ရှိကြောင်းပြောခဲ့ပြီး ဆီးရီးယားအပါအဝင် ပစ်မှတ်များသို့ ၎င်း၏လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့သည်။

ဧပြီလ ၁၀ ရက် နံနက်က ပြောကြားချက်တွင် အစ္စရေးစစ်ဘက်က ဟစ်ဇ်ဘိုလာတို့၏ စစ်ရေးအဆောက်အအုံတစ်ခုကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုအား ဗီဒီယိုဖြင့်ပါရိုက်ကူး၍ ထုတ်လွှင့်ခဲ့သည်ကိုတွေ့ ရသည်။

အစ္စရေးစစ်ဘက်က ဆီးရီးယားအစိုးရအနေဖြင့် ၎င်း၏နိုင်ငံအတွင်း ဖြစ်ပျက်ခဲ့သမျှတို့အတွက် တာဝန်ရှိကြောင်းနှင့် ဆီးရီးယားရှေ့တန်းစစ်မျက်နှာ၌ ဟစ်ဇ်ဘိုလာအုပ်စု နေရာယူ အမြစ်တွယ်လာနေရန်ကြိုးစားမှုကို ခွင့်ပြုမည်မဟုတ်ကြောင်းလည်းပြောခဲ့သည်။

ထို့ပြင် အစ္စရေးက လွန်ခဲ့သော နာရီအနည်းငယ်ကပင် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာတို့၏နက္ခတ်တာရာကြည့်စခန်းများနှင့် အကြမ်းဖက်အခြေခံအဆောက်အအုံများကိုလည်းတိုက်ခိုက်ခဲ့ကြောင်းပြောခဲ့သည်။ ဆီးရီးယားတောင်ပိုင်းမှ ဂိုလန်ကုန်းမြင့်ပေါ်ရှိ အစ္စရေးတပ်စခန်းများသို့ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဧပြီလ ၉ ရက်တွင် အစ္စရေးစစ်လေယာဉ်များက ဆီးရီးယားစစ်ဘက်စခန်းများကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။

နိုင်ငံတကာအနေဖြင့်မူ ဂါဇာဒေသအတွင်း အစ္စရေးနှင့် ဟားမားစ်တို့အကြား ပဋိပက္ခကိုမဖြေရှင်းနိုင်မီမှာပင် စစ်မီးက ဒေသအတွင်းအခြားနေရာများသို့ပါ ကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *