၁၀.၄.၂၀၂၄
Written by TZ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ဧပြီလ ၁၀ ရက် နံနက်ခင်းကစ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ကားအဝင်/အထွက် လမ်းကြောင်းများ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများဖြစ်နေသည့် မြဝတီမြို့ထဲသို့ ဝင်ရောက်ကူညီမည့် မော်တော်ယာဥ်များနှင့်လူမှုကူညီရေးအသင်းတို့မှာလည်း လက်ရှိအချိန်တွင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ကူညီရေးအသင်းတွေလည်း မြဝတီမှာတိုက်ပွဲတွေဖြစ်နေလို့ ဘာမှမလုပ်နိုင်ဘူး။ မြဝတီဝင်မဲ့အပေါက် ၄ ပေါက်လုံးပိတ်ထားတာ။ ပိတ်ထားတဲ့ မြဝတီကဆင်းရင် ၂၇၅ တပ်ရင်းက တောင်ကလေးဘုန်းကြီး ကျောင်း၊ နဒီလင်းမြိင်တံတား၊ မြဝတီအောက်ကတက်ရင် နဗူးတို့ပိတ်ထားတယ်”ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလ ၉ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် ကရင် ပြည်နယ်၊ မြဝတီမြို့ကို လက်နက်ကိုင်အားလုံးက စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေးပါ”ဟု စာသားများဖြင့် မြို့ခံရပ်မိရပ်ဖများဦးဆောင်သည့် ဒေသခံ ၃၀၀ ဦးတို့က အမှတ်(၁) ရပ်ကွက်ဘော်လုံးကွင်းမှ ထိုင်းမြန်မာချစ်ကြည်ရေးတံတား အမှတ်(၁) အထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် မြဝတီမြို့တွင် နေထိုင်သည့် ပြည်သူများကို MT news မှ ဆက်သွယ်မေးမြန်းရာ ” ပစ်ခတ်နေတာ နှစ်ဖက်။ တစ်ဖက်က ၂၇၅ တပ်ရင်းကိုပစ်နေတာ။ ဒီမြဝတီမှာက ၂၇၅ တပ်ရင်းတစ်ခုပဲရှိတော့တာ။ လက်ရှိမြဝတီမှာ အင်တာနက်မရဘူး။ ဝိုင်ဖိုင်ပဲရတာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပေါ်နေသည့် မြဝတီမြို့၊ မြေနီကုန်းမီးပွိုင့် သီရိမြဝတီဟိုတယ်အနီး လက်နက်ကြီးကျရောက်မှူကြောင့်မီးလောင်နေသလို ပြည်သူအများစုမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခိုလှုံ့စစ်ရှောင်ရန် ပြင်ဆင်ထွက်ခွာနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News