၁၀. ၄. ၂၀၂၄
Written by Shwe Phyo

ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော ဟွန်ဆန်က SAC အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စေ့စပ်ဆွေးနွေးလိုကြောင်း ထုတ်ဖော်ကမ်းလှမ်းလိုက်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သော ဟွန်ဆန်သည် ဧပြီ ၈ ရက်နေ့တွင် ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စေ့စပ်ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားအစိုးရ၏ အာဘော်သတင်းဌာနတစ်ခုကလည်း ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် မြန်မာ့နိုင်ငံရေးအခြေနေမျာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးရန် လိုလားနေကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကမ္ဘောဒီးယားသတင်းဌာနတစ်ခုဖြစ်သော Khmer Presse (AKP) ကလည်း လာမည့် သီတင်းပတ်အတွင်းကျရောက်မည့် ခမာနှစ်သစ်ကူး မတိုင်ခင် သို့မဟုတ် ခမာနှစ်သစ်ကူးပြီးချိန်တွင် ဟွန်ဆန်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ပြင်ဆင်နေကြောင်း ရေးသားသည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသည့် ၂၀၂၂ ခုနှစ် အစောပိုင်းကာလကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး ထိုအချိန်ကာလက ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေသည့်အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူနေသည့် ကာလဖြစ်ကြောင်း သိရသည်။

ထို့အတူ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော SAC အဖွဲ့သည် အင်အားနည်းနေပြီဖြစ်၍ လက်ရှိအချိန်တွင် SAC အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်ကောင်းဖြစ်ကြောင်း ဧပြီ ၈ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

REF ucanews

Leave a Reply

Your email address will not be published. Required fields are marked *