၉.၄.၂၀၂၄
Written by KL

နေအပူရှိန်ပြင်းသဖြင့် ဦးဇင်းတစ်ပါး ရုတ်တရက် လဲကျကာပျံလွန်တော်မူခဲ့မှု ယနေ့ ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ပင်းယမှတ်တိုင်အနောက်၊ (၄)ရပ်ကွက် တိုးချဲ့ရပ်ကွက်၊အမှတ် (၃)ဝိုင်း၊ ဝမ်းတော်ပြည့်ဘုန်းကြီးကျောင်းဘေးတွင် ဖြစ်ပွားခဲ့သည်။

လဲကျကာပျံလွန်တော်မူခဲ့သော ဦးဇင်းမှာ သက်တော် ၄၀ ၀န်းကျင်ခန့်ရှိပြီး ဝါတော် ၁ ဝါခန့်ရှိကာ ၃ ၀ိုင်းအတွင်းမှ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သီတင်းသုံးနေထိုင်သူ ဖြစ်ကြောင်း အလောင်းကို သွားရောက်သယ်ဆောင်ပေးခဲ့သည့် မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အနီးနားကလူတွေ ပြောပြချက်တွေအရတော့ ဦးဇင်းကနေပူထဲမှာပဲ ပစ်လဲပြီး ဆုံးသွားတာ။ ဦးနှောက်သွေးကြောပြတ်သွားတယ်လို့ပဲ ကနဦး ယူဆရတယ်။ ကျွန်တော်တို့ စတွေ့ကတည်းက လဲကျနေပြီး အသက်မရှိတော့ဘူး”ဟု မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

ပျံလွန်တော်မူသည့် ဦးဇင်းကို အသင်းဝင် ၅ ဦးဖြင့် ရုပ်အလောင်းကို သယ်ဆောင်ကာ နာရေးကူညီမှုယာဥ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းထံမှ သိရသည်။

အလားတူ ယနေ့ ဧပြီလ ၉ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ စိတ္တသုခလမ်းထိပ်တွင် နေအပူရှိန်မြင့်တက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသား​ကြီး ၁ ဦး အပူချိန်မြင့်တက်မှုကြောင့် ဦး​နှောက်သွေးကြောပြတ်ကာ  လဲကျသေဆုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

​သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့အပ်ခဲ့ရာ ပီအာရ်အမှတ် -၁၅ဖြင့် လက်ခံထားကြောင်း သိရသည်။

အယ်လ်နီညိုရာသီဥတုကြောင့် ပူပြင်းမှုပြင်းထန်နေသလို ပြည်သူများ နေပူထဲသေဆုံးမှုလည်း ယနေ့တွင်ပင်ဖြစ်စဥ်ငါးခုထက်မနည်းရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *