၉. ၄. ၂၀၂၄
Written by Pan Ei

ဒီနေ့ UTC စံတော်ချိန် ၄ နာရီက ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ ချောက်မြို့က အပူချိန် ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ပထမနေရာ ရပ်တည်နေခဲ့ပြီး ချောက်မြို့အပါအဝင် မြန်မာနိုင်ငံက မကွေးမြို့ကပါ အဆိုပါစာရင်းမှာ ပါဝင်ခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသသုတေသနသတင်းတွေကို ထုတ်ပြန်ပေးတဲ့ Ogimet ရဲ့စစ်တမ်းတွေကို ကိုးကားပြီး EDW (El-dorado Weather) က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မနေ့က UTC စံတော်ချိန် ၈ နာရီက ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာလည်း ချောက်မြို့က အပူချိန် ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ ပထမနေရာမှာ ရပ်တည်နေခဲ့တာကြောင့် ချောက်မြို့က အဆိုပါ စာရင်းမှာ နှစ်ရက်ဆက်တိုက် ပထမနေရာကနေ ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ ချောက်မြို့အပါအဝင် မြန်မာနိုင်ငံက ညောင်ဦးမြို့က ကမ္ဘာ့အဆင့် ၃ နေရာ၊ မကွေးမြို့က ကမ္ဘာ့အဆင့် ၄ နေရာ၊ မင်းဘူးမြို့က ကမ္ဘာ့အဆင့် ၅ နေရာ၊ မန္တလေးမြို့က ကမ္ဘာ့အဆင့် ၁၀ နေရာနဲ့ မုံရွာမြို့က ကမ္ဘာ့အဆင့် ၁၃ နေရာတို့နဲ့ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံက ၆ မြို့အထိ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ UTC စံတော်ချိန် ၄ နာရီက ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာတော့ ချောက်မြို့နဲ့အတူ မကွေးမြို့ပါဝင်နေခဲ့တာဖြစ်ပြီး မကွေးမြို့က အပူချိန် ၄၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ အဆင့် ၁၃ မှာ ရပ်တည်နေသလို Ogimet ရဲ့ ဖော်ပြထားချက်အရ ကမ္ဘာ့အပူဆုံးမြို့တွေရှိရာ နိုင်ငံတွေမှာ မြန်မာ၊ မာလီ၊ အိုမန်၊ နိုင်ဂျာ၊ ဆီနီဂေါ၊ ဘာကီနာဖာဆိုနိုင်ငံတို့ဖြစ်ပြီး မြန်မာက နှစ်မြို့၊ မာလီက ခုနှစ်မြို့၊ ဆီနီဂေါနဲ့ နိုင်ဂျာတို့က နှစ်မြို့စီ၊ အိုမန်နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့က တစ်မြို့စီပါဝင်နေပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှဒေသတွင်းမှာလည်း အပူချိန်တွေအလွန်အမင်းမြင့်တက်မှုတွေ ဖြစ်ပွားလျက်ရှိပြီး အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေနဲ့ သေဆုံးမှုတွေ ရှိနေပါတယ်။

Ref; eldoraweather

Leave a Reply

Your email address will not be published. Required fields are marked *