April 30, 2024

၈. ၄. ၂၀၂၄
Written by Pan Ei

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့က ချင်း၊ ကူကီး၊ မီဇိုနဲ့ ဇိုမီးမျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ မီဇိုအဖွဲ့တစ်ဖွဲ့က အိန္ဒိယ-မြန်မာ နယ်စပ်ကို လွတ်လပ်စွာဖြတ်သန်းခွင့်(Free movement – FMR) ကို မကြာခင် ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်သွားမယ်လို့ မကြာသေးမီ ရက်ပိုင်းအတွင်းက ပြောကြားခဲ့ပါတယ်။

FMR သဘောတူညီချက်ဆိုတာ အိန္ဒိယအစိုးရက မြန်မာနိုင်ငံသားတွေကို တရားဝင် စာရွက်စာတမ်း စစ်ဆေးမှုမရှိဘဲ နယ်စပ်ဒေသကနေ အိန္ဒိယနိုင်ငံဘက်ခြမ်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပေးရမှာဖြစ်သလို မြန်မာနိုင်ငံဘက်ခြမ်းကလည်း အိန္ဒိယနိုင်ငံသားတွေကို အလားတူ ခွင့်ပြုချက်မျိုးပေးရခြင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက FMR ကို မကြာခင် ပြန်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ အိန္ဒိယအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဇိုလူမျိုးအားလုံးကို ပြန်လည်ပေါင်းစည်းပြီး အုပ်ချုပ်မှုယူနစ်တစ်ခုအောက်ကို ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အိုက်ဇောမြို့အခြေစိုက် ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (ZORO) က လာမဲ့ မေလ ၁၆ ရက်နေ့မှာ နိုင်ငံတကာနယ်စပ်အနီး ဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ အထိ ရှည်လျားတဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး မီဇိုတွေက ချင်းလူမျိုးတွေနဲ့ မျိုးနွယ်စုဆက်နွှယ်မှုတွေ ရှိပါတယ်။

သူတို့နဲ့ မတိုင်ပင်ဘဲ မီဇိုလူမျိုးတွေအပေါ် ဗြိတိသျှတို့က နယ်နိမိတ်သတ်မှတ်ခဲ့တာကြောင့် မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံက ပြည်သူတွေအများအပြားက လက်ရှိနယ်စပ်ကို လက်မခံကြဘူးလို့လည်း ဝန်ကြီးချုပ် လယ်ဒူဟိုးမားက ပြောကြားခဲ့ဖူးပါတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *