၈. ၄. ၂၀၂၄
Written by Heymar & TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်းရှိ အရှေ့ဘက်ခြမ်းယာတောထဲတွင် “ဏဘယံ”သွေးကူညီမူအသင်းဥက္ကဋ္ဌကို အမျိုးသားတစ်စုမှ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့တွင် အိုးဝေတစ်စီးဖြင့် အမျိုးသားတစ်စုမှ”ဏဘယံ”သွေးကူညီမှုအသင်းရုံးသို့ ရောက်ရှိလာပြီး ထိုအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူကို သွေးလိုအပ်ကြောင်းအကူအညီတောင်းပြီး ခေါ်ဆောင်ကာ သင်ကြားရေးဆေးရုံဘက်ခြမ်းရှိ အရှေ့ဘက်ခြမ်းယာတောအရောက်တွင် သတ်​ဖြတ်သွားကြသဖြင့် ဓားဒဏ်ရာအချက်ပေါင်းများစွာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဧပြီလ ၈ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

“သွေးအသင်းရဲ့ဥက္ကဋ္ဌ အသတ်ခံရတာ။ သွေးလိုတယ်ဆိုပြီးလာခေါ်တာ။ အိုးဝေတစ်စီးနဲ့လာခေါ်တာ။ ဥက္ကဋ္ဌ ပြန်မလာတော့ ဖုန်းခေါ်တာ။ ပထမခေါ်တာ ရတယ်။ နောက်တစ်ခါ ခေါ်တယ် မရ။ ၃ ခါတိတိခေါ်တော့ မရဘူး။ ဓားဒဏ်ရာ တော်တော်​များတယ်။ ကိုယ်ခန္တကိုယ်အပေါ်မှာ ဒဏ်ရာတွေအများကြီးပဲ။ ခုလာခေါ်တဲ့သူတွေကိုတော့ စုံစမ်းနေတယ်” ဟု ဒေသခံလူမူကူညီရေးအသင်းမှ MT News သို့ ဖြေကြားသည်။

ထိုသတ်ဖြတ်ခံရသည့် “ဏဘယံ” သွေးကူညီမှုအသင်းဥက္ကဋ္ဌမှာ မကွေးမြို့၊ ရွာသစ် (၁၈) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး သေဆုံးသူခန္ဓာကိုယ်ပေါ် ဓားဒဏ်ရာအချက်ပေါင်း ၆၀ ကျော် ထိုးခုတ်ထားသည်ကိုလည်း တွေ့ရှိရသည်။

မကွေးမြို့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဓားဒဏ်ရာက အချက် ၆၀ ကျော်တယ်။ မကွေးမှာ ဒီလိုဖြစ်တာက ပထမဆုံးပဲ။ ဘာကြောင့် ဘယ်သူတွေဆိုတာ စုံစမ်းစစ်ဆေးနေကြပါတယ်။ သေဆုံးသူရဲ့ ဆိုင်ကယ်ရယ် ဝတ်ထားတဲ့ လက်စွပ်ရယ်လည်း မတွေ့ပါဘူး” ဟု MT News ကိုပြောသည်။

သေဆုံးသည့် သွေးလှူအသင်းဥက္ကဋ္ဌ၏ Deadbody ကို သက်ဆိုင်ရာဝာာဝန်ရှိသူများ လိုအပ်တဲ့ စစ်ဆေးမှု ပြုလုပ်နိုင်ရန်အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအရေးပေါ်ကုသဌာနမှတစ်ဆင့် ရင်ခွဲရုံဆီ ဒေသခံပရဟိတအသင်းက ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *