၆. ၄. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ၏ ကားထုတ်လုပ်ရောင်းချမှုများသည် အာဆီယံနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေကြောင်း အာဆီယံမော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအဖွဲ့ချုပ် Asean-Autofed က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ကားအစီးရေစုစုပေါင်း ၃၁၄ စီး ထုတ်လုပ်ထားပြီး ဇန်နဝါရီလက ကားအစီးရေ ၁၆၁ စီး၊ ဖေဖော်ဝါရီလက ကားအစီးရေ ၁၅၃ စီး ထုတ်လုပ်ခဲ့ကြောင်း Asean-Autofed အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ကားထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း ကားထုတ်လုပ်နိုင်မှုနှင့်နှိုင်းယှဉ်လျှင် အစီးရေပေါင်းများစွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလက ကားအစီးရေ စုစုပေါင်း ၄၉ စီးသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ကားအများဆုံးထုတ်လုပ်နိုင်သောနိုင်ငံအဖြစ် ထိုင်းနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်နေပြီး ထိုင်းနိုင်ငံက နှစ်လအတွင်း ကားအစီးရေပေါင်း ၂၇၅၇၉၂ စီးထုတ်လုပ်ထားနိုင်ကာ အင်ဒိုနီးရှားနိုင်ငံက ဒုတိယအများဆုံးထုတ်လုပ်ထားသလို နှစ်လအတွင်း ​ကားအစီးရေ ၂၀၄၉၂၁ စီး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကားရောင်းချရမှုသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေပြီး ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ကားအစီးရေ စုစုပေါင်း ၅၆၄ စီး ရောင်းချနိုင်ခဲ့ကြောင်း Asean-Autofed အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကားအစီးရေစုစုပေါင်း ၂၈၆ စီး၊ ဖေဖော်ဝါရီလတွင် ကားအစီးရေ စုစုပေါင်း ၂၇၈ စီး ရောင်းချနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွင်း ရောင်းချနိုင်ခဲ့သော ကားအစီးရေသည် ၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း ရောင်းချနိုင်ခဲ့သော ကားအစီးရေနှင့်နှိုင်းယှဉ်လျှင် များပြားနေဆဲဖြစ်ကြောင်း Asean-Autofed က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း ကားအစီးရေစုစုပေါင်း ၂၇၅ စီးသာရောင်းချနိုင်ခဲ့သည်။ အာဆီယံဒေသတွင်းနိုင်ငံများအနက် ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ကားအများဆုံးရောင်းချနိုင်ခဲ့သောနိုင်ငံများစာရင်းတွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ထိပ်ဆုံးတွင်ရပ်တည်နေသည်။ အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ကားအစီးရေစုစုပေါင်း ၁၄၀၂၇၄ စီးရောင်းချနိုင်ခဲ့သလို မလေးရှားနိုင်ငံကလည်း ၁၂၈၃၃၂ စီး ရောင်းချနိုင်ခဲ့သည်ဟု Asean-Autofed က ဖော်ပြထားသည်။

Ref, Asean-Autofed

Leave a Reply

Your email address will not be published. Required fields are marked *