April 30, 2024

၆. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန် ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားလူငယ်တစ်ဦးကို စိတ်ကြွဆေးပြားများအပြင် သေနတ်ကျည်ဆံအများအပြားပိုင်ဆိုင်မှုများဖြင့် ဧပြီ ၆ ရက်နေ့တွင်ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

ထိုင်းဆာမွတ်ဆာခွန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့သည် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာလူငယ်ကို စွဲချက်သုံးခုတင်ထားပြီး မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းချရန်ကြိုးပမ်းမှု၊ တရားမဝင်လက်နက်ပိုင်ဆိုင်မှုနှင့် ခွင့်ပြုထားသောသက်တမ်းထက် ကျော်လွန်နေထိုင်ခြင်းစသော စွဲချက်များတင်ခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဆာမွတ်ဆာခွန်ပြည်နယ် Khok Kham အရပ်ဒေသရှိ မြန်မာနိုင်ငံသားနေထိုင်နေသည့် အိမ်ကို ရှာဖွေချိန်အတွင်း “WY” စာတမ်းပါစိတ်ကြွဆေးပြားများ၊ ပွိုင့် ၃၈၀ သေနတ်ကျည်ဆံများကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားကို ဆာမွတ်ဆာခွန်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီးအသေးစိတ်စစ်ဆေးနေသည်။ ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးဖြစ်သူ Pokchat Chaisukwat က ၎င်းတို့သည် ပြည်နယ်အတွင်းနေရာအများအပြားမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် တင်းကြပ်သောစည်းကမ်းများထုတ်ပြန်ထားပြီး စုံစမ်း စစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်းပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *