လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်နေသည့် ဗိုလ်လျှက်ဆားက တိမ်းရှောင်ခဲ့ရမှုကို ပြောပြနေစဉ်
၁၂. ၁၂. ၂၀၂၂
Written by Min Mahar
SAC ၏ လခရများ ကွင်းဆက်လိုက်ကာ ဖမ်းဆီးနေမှုများကြောင့် မန္တလေးမြို့ပေါ် လှုပ်ရှားနေသည့် ဗိုလ်လျှက်ဆား၏ MUWA အဖွဲ့ဝင်များအနေဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။
အဆိုပါ Mandalay UG Wolf Army အဖွဲ့သည် မန္တလေးမြို့ပေါ်၌ SAC ၏ လခရအဖွဲ့ဝင်များ၊ ထောက်ခံဝန်းရံသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များနှင့် ထောက်တိုင်များအား UG အနေဖြင့် ရှင်းလင်းထိုးနှက်နေခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟုလည်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ယခုအချိန်တွင် မဟာမိတ် UG အဖွဲဝင်အချိုသည် SAC အဖွဲ၏ ကွင်းဆက်လိုက်ကာ ဖမ်းဆီးမှုများကို ခံနေရ၍ MUWA အနေဖြင့်လည်း လွတ်မြောက်နယ်မြေတစ်နေရာသို့ လုံခြုံစွာ ရှောင်တိမ်းထွက်ခွာခဲ့ရသော်လည်း အခွင့်အခါရသည်နှင့် မြို့ပြစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မန္တလေးမြို့ပေါ် လှုပ်ရှားနေသည့် PDFအဖွဲ့များသည် အမည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးတပ်၍ SAC အဖွဲ့ကိုတိုက်ခိုက်နေကြသော်လည်း မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခံနေရသောကြောင့် ယခုကဲ့သို့ တိမ်းရှောင် ထွက်ခွာသွားရသည့်အဖွဲ့များမှာလည်း ငါးဖွဲ့ထက်မနည်းရှိနေသည်ဟု သိရသည်။
“အခြေအနေအခိုက်အတန့်မှာ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေရပေမဲ့ အခွင့်သာတာနဲ့ မြိုပြ UG အဖြစ် ပြန်လည်လုပ်ဆောင်မှာပါ”ဟု ဗိုလ်လျှက်ဆားက ဆိုသည်။
ဗိုလ်လျှက်ဆား၏ UG အဖွဲ့သည် မန္တလေးမြို့ ၁၂၅ လမ်းအနီးရှိ တပ်အရာရှိတစ်ဦးနေအိမ်အား နိုဝင်ဘာ ၂၅ ရက်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်း၊ နိုဝင်ဘာ ၇ ရက်တွင် လက်လုပ်မောင်းပြန်တစ်လက်ထုတ်လုပ်ခဲ့ခြင်း၊ ဩဂုတ် ၂၅ ရက်တွင် ၇၈ လမ်းပေါ်ရှိ အမှတ် (၁၁) ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
