၃.၄.၂၀၂၄
Written by Nyein Kyaw

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကားလမ်းဝဲယာတစ်လျှောက်ရှိ ကျူးကျော်ဈေးတန်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကဖွဲ့က ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိမြင်ကွင်းများနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြချက်များရှိခဲ့သဖြင့် ယခုကဲ့သို့ ရှင်းလင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ကားလမ်းဝဲယာတစ်လျှောက်ရှိ ကျူးကျော်ဈေးတန်းများသည် စေတီတော်ဝတ္ထုကံမြေနယ်နိမိတ်တွင် ပါဝင်ခြင်းမရှိသဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ညှိနှိုင်း၍ မတ်လ ၁၅ ရက်မှ ၁၉ ရက်အထိ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အများသုံးသန့်စင်ခန်းများနှင့် ပတ်သက်၍ စေတီတော် ဝတ္ထုကံမြေအတွင်း၌ ဘုရားဖူးပြည်သူများ အသုံးပြုနိုင်ရန် သန့်စင်ခန်းများကို စနစ်တကျတည်ဆောက်ပေးထားပြီး ဝန်ထမ်းများခန့်ထား၍ သန့်ရှင်းရေးကို အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော် စေတီတော်အရှေ့ဘက်မုခ်အဆင်းလမ်းရှိ အများသုံး သန့်စင်ခန်းမှာ ဗဟန်းဈေးအများသုံးသန့်စင်ခန်းဖြစ်ပြီး ဗဟန်းမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် သန့်စင်ခန်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *