၃. ၄. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် ဘွဲ့ရသူသုံးသန်းခန့်သာရှိပြီး ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်ကြသဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ယ‌နေ့ ပြုလုပ်သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံတွင် လက်ရှိလူဦးရေ ၅၆ သန်းကျော်ရှိသည့်အနက် ဘွဲ့ရသူသုံးသန်းခန့်သာရှိကြောင်း၊ အသက် ၂၅ နှစ်အထက် ၂၅ ဒသမ ၁၇ သန်းခန့်တွင် မူလတန်းနှင့် အလယ်တန်းအဆင့်ရှိသူ ၇၀ ရာခိုင်နှုန်းခန့်၊ ဘွဲ့ရ၊ နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာ ပြီးမြောက်သူဦးရေသည် တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင်နှုန်းခန့်သာရှိသည်ကို စာရင်းဇယားများအရ သိရကြောင်း၊ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ထို့ကြောင့်လည်း အခြေခံပညာအဆင့်တွင် KG+9 အထိ မသင်မနေရစနစ်ချမှတ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မိမိတို့တာဝန်ယူဆောင်ရွက်နေချိန်တွင် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီး မလွှဲမရှောင်သာ ‌ကျောင်းထွက်သွားကြရသည့် လူငယ်များအတွက် ဘဝတွင် သက်မွေးပညာ တစ်ခုခုပါသွားစေရေး အခြေခံပညာအထက်အတန်းအဆင့်၌ စက်မှုလက်မှု၊ စိုးပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက်မွေးပညာများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နောက်ထပ် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် ပညာရေးကဏ္ဍကို တိုးတက်မြင့်မားလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေး အခြေခံပညာအဆင့်တွင် အခမဲ့ပညာရေးနှင့် လက်လှမ်းတမီ သင်ယူနိုင်သည့် အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင်၊ အချိန်မတိုင်မီ အကြောင်းမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်းမရှိအောင်၊ တန်းစဉ်ကူးပြောင်းမှုတွင် အရေအတွက်သာမက အရည်အချင်းပါ လျော့နည်းမသွားအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်လည်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *