၃. ၄. ၂၀၂၄
Translated by Htwe Ko Tun

ဧပြီလ ၃ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီ(ဂရင်းနစ် စံတော်ချိန် ၀၀း၀၀ နာရီ/ မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီ) မှာ တရုတ်တိုင်ပေနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ဟွာလီယန်ခရိုင်အတွင်း လှုပ်ခတ်သွားခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၂ ရှိ ငလျင်ကြောင့် သေဆုံးသူဦးရေ ခုနှစ်ဦးရှိပြီး ဒဏ်ရာရသူ ၇၁၁ ဦးအထိရှိပြီဖြစ်ကာ ၇၇ ဦးမှာ ပြိုကျလုဆဲ တိမ်းစောင်းနေတဲ့ အဆောက်အအုံများအတွင်းနဲ့ အပျက်အစီးများကြား ပိတ်မိနေကြတယ်လို့ မီးသတ်တပ်ဖွဲ့က ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲမှာ ပြောကြားခဲ့ပါတယ်။

တိမ်းစောင်းနေတဲ့ အဆောက်အအုံတွေအတွင်းမှာ ရှိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲငလျင်တွေကလည်း လှုပ်ခတ်လျက်ရှိရာမှာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအထိ နောက်ိဆက်တွဲငလျင် ၁၀၁ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။

တရုတ်တိုင်ပေမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာတော့ ဂျပန်အစိုးရနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရတို့က ကယ်ဆယ်ရေးအထောက်အပံ့တွေကူညီပေးပို့သွားလိုတယ်လို့ ကမ်းလှမ်း ပြောကြားခဲ့ကြပါတယ်။ တရုတ်တိုင်ပေ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကယ်ဆယ်ရေးအကူအညီတွေ ကမ်းလှမ်းခဲ့ကြတဲ့ မိတ်ဆွေနိုင်ငံတွေကို အထူးကျေးဇူးတင်တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ခရိုင်အတွင်း ဟွာလီယန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်အဆောက်အအုံအချို့ဟာ ပြိုကျလုဆဲ တိမ်းစောင်းနေပြီး အဝေးပြေးလမ်းမပေါ်ရှိ ဥမင်လိုဏ်ခေါင်းတွေလဲ ပြိုကျခဲ့ရတယ်လို့ သိရပါတယ်။

Ref – bbc

Leave a Reply

Your email address will not be published. Required fields are marked *