
၃. ၄.၂၀၂၄
Written by Hey Mar
ဒီနေ့ မတ်လ ၃ ရက်နေ့ မွန်းတည့်ချိန်က မင်္ဂလာတောင်ညွှန့်မြို့နယ် ဘူတာကြီးဘေး ကားမှတ်တိုင်မှာ အမျိုးသားတစ်ဦးရုတ်တရက်မူးလဲကျတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။
မူးလဲကျတဲ့ အမျိုးသားက အသက် ၄၀ ဝန်းကျင်ဖြစ်ကာ သွေးပေါင်ချိန်တက်နေတဲ့ လက္ခဏာတွေ့ရပြီး ခန္ဓာကိုယ် အပူချိန်မြင့်မားနေတဲ့ အနေအထားလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လင်းလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
လင်းလက် လူမှူကူညီရေးအသင်းတာဝန်ရှိသူက “သတိတော့ကောင်းသေးတယ်။ ချွေးလည်းမထွက်ဘဲ Heat stroke ရသွားတာ။ မြေပြင်ပြုစုပေးပြီး ဆေးရုံ အမြန်ပို့ခဲ့တယ်။ ဒီရက်ထဲ အပူချိန်မြင့်လာလို့ ရောဂါအခံရှိသူတွေ ဥပမာ နှလုံး သွေးတိုး ဆီးချို ကျောက်ကပ် ရောဂါအခံသမားတွေ နေပူထဲကို သွားရင်လည်း အပူချိန် အရမ်းမပြင်းတဲ့ မနက်ပိုင်းလို၊ ဒါမှမဟုတ် ရေနဲ့ ဓာတ်ဆားဆောင်ပြီး၊ ထီးလိုမျိုး အဆောင်းတွေနဲ့ သေချာ ထွက်သင့်တယ်။ လဆန်းပိုင်းလောက်ကစပြီး ကျွန်မတို့အတွေ့အများဆုံးလူနာတွေက ဦးဏှောက်သွေးကြောပေါက်တာ။ ရုတ်တရက်မူးလဲပြီး အသက်ပါ ပါသွားတာ။ အဖျားကြီးပြီး တက်တဲ့လူနာတွေ အရေးပေါ် ပို့ပေးရတာ ရှိတယ်” လို့ MT News ကို ပြောပါတယ်။
ဧပြီလ အတွင်း နေ့အပူချိန် မြင့်မားလာတဲ့အတွက် သက်လတ်ပိုင်း၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေ အပူဒဏ်အန္တရာယ် ပိုမို သတိပြုကြဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သတ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
အယ်နီညို ဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုကြောင့် လာမယ့် ၁၀ ရက်အတွင်း ကမ္ဘာတဝှမ်း နေရာအများအပြားမှာ အပူလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာလာသူတချို့ကလည်း အသိပေးထားပါတယ်။

