၃. ၄. ၂၀၂၄
Written by Nyein Kyaw

ပုဂ္ဂလိကကျောင်းများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားခြင်းကို ဧပြီ ၁၂ ရက် မတိုင်မီ အပြီးဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခြင်းမရှိသည့် ကျောင်းများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားသည်။

ပုဂ္ဂလိကပညာရေးဥပ‌ဒေကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ပုဂ္ဂလိကကျောင်းများ အားလုံးသည် ဤဥပဒေနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။ မှတ်ပုံတင်လျှောက်ထားရမည့် ကျောင်းအမျိုးအစားများမှာ (က)ပုဂ္ဂလိကအခြေခံပညာကျောင်းများ (နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကျောင်းများနှင့် အမျိုးသား သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကျောင်းများအားလုံးပါဝင်သည်။)၊ (ခ) ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများ (ဘာသာစကားသင် ကျောင်းများပါဝင်သည်။)၊ (ဂ) ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများ ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ပုဂ္ဂလိကကျောင်းများအနေဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂ ရက် (သောကြာနေ့) မတိုင်မီ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက အဆိုပါ ပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည်ဖြစ်သည်။

“အဓိက, က ပုဂ္ဂလိကတက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ International School တွေ သူတို့က ကုမ္ပဏီမှတ်ပုံတင်ပဲလုပ်ထားပြီး လုပ်ကိုင်နေတာတွေရှိတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ဟာတွေမို့ ပညာရေးဝန်ကြီးဌာနက ဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာကို သိရှိအောင် အကြောင်းကြားရမှာပဲလေ။ နိုင်ငံခြားကျောင်းတွေဆို နိုင်ငံတော်သီချင်းမဆိုတာ၊ နိုင်ငံတော်အလံ အလေးမပြုတာတွေ ရှိတယ်” ဟု ပညာရေးအသိုင်းအဝိုင်းနှင့်နီးစပ်သည့် တာဝန်ရှိသူက ပြောသည်။

ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်းတိုကို မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အလံ လွှင့်ထူထားခြင်းနှင့် အလေးပြုခြင်းမရှိသည့် ပုဂ္ဂလိကကျောင်းများကို စောင့်ကြည့်ရန် ပညာရေးဝန်ကြီးဌာနက စစ်ဆေးရေးအဖွဲများ ဖွဲစည်းထားပြီး ကွင်းဆင်းစစ်ဆေးကာ သတင်းအချက်အလက် ရယူသွားမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများအားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့် တစ်ပြေးညီ တူညီရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က အသိပေးထားသည်။

အလားတူ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံး တစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ်ရက်နှင့် တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က မှာကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *