၃. ၄. ၂၀၂၄
Written by Pan Ei

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုမှာ နေ့ခင်းပိုင်း ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့အလယ်ပိုင်းရှိ ဘီစီတက်စ်ခရိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအားလုံးက ဆောက်လုပ်ရေးလုပ်သားတွေဖြစ်တယ်လို့ သိရသလို မီးလောင်မှုကြောင့် နောက်ထပ် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ခုနစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့ပါတယ်။

အစ္စတန်ဘူလ်ရဲ့ လူစည်ကားတဲ့ ဂေရတ်တီပီရပ်ကွက်ရဲ့ Masquerade လို့ အမည်ရတဲ့ နိုက်ကလပ်ဟာ ၁၆ ထပ်ရှိတဲ့ အဆောက်အဦရဲ့ မြေညီထပ်နဲ့ မြေအောက်ထပ် ၂ ထပ်တို့မှာ တည်ရှိတာဖြစ်ပြီး မီးလောင်ကျွမ်းမှုက မြေအောက်ထပ်ကနေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး တူရကီအာဏာပိုင်တွေက နိုက်ကလပ်ရဲ့လုပ်ငန်းမန်နေဂျာ၊ စာရင်းကိုင်နဲ့ လုပ်ဖော်ကိုင်ဘက်တွေ၊ ပြုပြင်မွမ်းမံမှုနဲ့ပတ်သက်တဲ့ လုပ်သားတွေအတွက် တာဝန်ရှိပုဂ္ဂိုလ်အပါအဝင် လူရှစ်ဦးကို ဖမ်းဆီးထားကြောင်း TRT သတင်းက ဖော်ပြခဲ့ပါတယ်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ မီးဘေးအန္တရာယ်ဆိုင်ရာ အထူးကျွမ်းကျင်သူ ၃ ဦးအဖွဲ့က မီးလောင်ရခြင်းအကြောင်းရင်းကို စစ်ဆေးနေကြတယ်လို့ သိရပြီး အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu ကလည်း မီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းကို လူမှုမီဒီယာကတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News