၃. ၄. ၂၀၂၄
Written by Hey Mar

အရက်မူးနေတဲ့ ခင်ပွန်းဖြစ်သူက ဆဲဆိုကြိမ်းမောင်းကာ ဇနီးဖြစ်သူ သားသည်မိခင်ကို ဓားနဲ့ ခုတ်တာ မွှန်းတာမျိုး ပြုလုပ်တဲ့အတွက် ဦးခေါင်း၊ မျက်နှာနဲ့ လက်ဖျံတွေမှာ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ မနေ့က ဧပြီ ၂ ရက် ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စု ၊ ဇလုပ်ကြီးကျေးရွာနေ မအေးခိုင် အသက် ၂၇ နှစ်ကို ယောက်ျားဖြစ်သူက အရက်မူးပြီး ရိုက်နှက်ရာက လင်မယားစကားများပြီး မအေးခိုင်ကို ဓားနဲ့ခုတ် ရာမှာ ဦးခေါင်းဒဏ်ရာ၊ ဘယ်မျက်ခုံး ဒဏ်ရာနဲ့ ညာဘက်လက်ဖျံကြွက်သား ဓားနဲ့ မွှန်းတဲ့ ဒဏ်ရာတွေရရှိခဲ့တာလို့ သိပါတယ်။

ဆေးရုံကူညီပို့ဆောင်ပေးခဲ့တဲ့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “မိန်းမဖြစ်သူက အော်လည်း မအော်ရဲ၊ ပြေးလဲမပြေးရဲဘဲ သူ့ ယောကျာ်းဘေးမှာ ဓားဒဏ်ရာတွေနဲ့ ထိုင်စောင့်ပေးနေရပြီး ယောကျာ်းအိပ်ပျော်သွားမှ မှတ်ပုံတင်လေးအရယူပြီး ရွာဥက္ကဋ္ဌအိမ် လာတိုင်တာ။ ဥက္ကဋ္ဌကမှ အသင်းကို ဖုန်းဆက်ပြီး ကားကူညီပေးဖို့ ပြောလို့ ကူညီပေးဖြစ်တာပါ။ မိန်းကလေးက ကြောက်လန့်ပြီး သွေးရူးသွေးတန်းဖြစ်နေတာ။ကလေးလည်း သူနဲ့ပါလာတယ်” လို့ MT News ကို ပြောပါတယ်။

အဆိုဖြစ်စဥ်ကနေ ဆက်သွယ်ကူညီတောင်းခံမှုကြောင့် ဇလုပ်ကြီးကျေးရွာဆီအသင်းက သွားရောက်ခေါ်ဆောင်ပြီး နေပြည်တော်လယ်ဝေးမြို့ကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *