၃. ၄. ၂၀၂၄
Written by Pan Ei

မွန်မိသားစုက မွေးဖွားလာတဲ့ ထိုင်းဘောလုံးကစားသမားတစ်ဦးဟာ သူ့ရဲ့ထိုင်းလက်ရွေးစင်ဘောလုံးဂျာစီကို လေလံတင် ရောင်းချခဲ့ပြီး တိုက်ပွဲတွေအတွင်း နေအိမ်တွေဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံကရွာသားတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ် ပွန်စခွန်း ဆန်ကာဆိုဖာလို့ အမည်ရတဲ့ လူငယ်ဘောလုံးသမားဟာ ပြီးခဲ့တဲ့နှစ်က AFC U17 အာရှဖလားအတွက် ထိုင်းအသင်းမှာ ကစားခဲ့တဲ့ နံပါတ် ၁၅ ဂျာစီကို မနေ့က အွန်လိုင်းမှာ လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး မွန်အမျိုးသမီးတစ်ဦးက ဘတ် ၃၆,၅၀၀ နဲ့ ဝယ်ယူခဲ့သလို ဝယ်သူက သူ့ကိုယ်သူ ပန်ဆွတ်လို့သာ ဖော်ပြခဲ့ပါတယ်။

ဂျာစီလေလံတင်ရာက ရရှိတဲ့ ငွေတွေကို တိုက်ပွဲတွေကြောင့် နေအိမ်များစွာ မီးလောင်ဆုံးရှုံးခဲ့တဲ့ မွန်ပြည်နယ်က ဓမ္မသာကျေးရွာနေ ပြည်သူတွေကို ကူညီသွားမှာဖြစ်တယ်လို့ ပွန်စခွန်းက ပြောကြားခဲ့ပါတယ်။

“လေလံပွဲမှာ ပါဝင်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ သင်တို့က ဒုက္ခသည်တွေကို ကူညီရာမှာ ပါဝင်ပေးခဲ့ကြသလို လေလံအောင်နိုင်သွားတဲ့ သူကိုလည်း ကျေးဇူးတင်ပါတယ်။ အနိုင်ရတဲ့ လေလံစျေးနှုန်းကလည်း မမျှော်လင့်ဘဲ အရမ်းများခဲ့ပါတယ်” လို့ ပွန်စခွန်းက ပြောကြားခဲ့ပါတယ်။

ပွန်စခွန်း ဆန်ကာဆိုဖာကို အနောက်ပိုင်းပြည်နယ် ဆန်ခလာဘူရီခရိုင်မှာ မွန်မိသားစုက မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူဟာ လက်ရှိ ထိုင်းလိဂ်ဝမ်းက ရတ်ချာဘူရီ FC အသင်းမှာ ကစားနေပြီး ယူ၂၃ လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခံခဲ့ထားတယ်လို့ သိရပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *