၃. ၄. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်-မန်စီ-ရန်ကုန် Cargo Flight ခရီးစဉ်အား ယနေ့မှစတင်၍ တစ်ပတ်လျှင် နှစ်ရက် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA) မှ ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ (Cargo Flight) ကို နိုဝင်ဘာလမှ စတင်ပျံသန်းပြေးဆွဲချက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှစ၍ Boeing 737-800 လေယာဉ်ဖြင့် ရန်ကုန်-မန်စီ-ရန်ကုန် Cargo Flight ကို တစ်ပတ်လျှင် နှစ်ရက်တိုးချဲ့ပျံသန်း ပြေးဆွဲမည်ဖြစ်သည်။

“ဟုတ်ပါတယ်။ Cargo ကတော့ လောလောဆယ် တနင်္ဂနွေမှာရှိပါမယ်။ ပစ္စည်းတင်ဖို့အတွက်ကတော့ Custom စာရွက်စာတမ်းတွေပါဖို့တော့လိုတယ်” ဟု MNA လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်-မန်စီ-ရန်ကုန် Cargo Flight ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်-မန်စီ-ရန်ကုန် ခရီးသည်လေယာဉ်ကိုလည်း အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

MNA ၏ Cargo Flight ဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်လိုသူများအနေဖြင့် Logi Plus Company Limited ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Terminal 3 အနီးရှိ MCS (မင်္ဂလာဒုံလေကြောင်းကုန်စည်ဝန်ဆောင်မှု)တွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရကာ လေကြောင်းလိုင်းအနေဖြင့် ကုန်ပစ္စည်းလက်ခံခြင်းနှင့် လေယာဉ်ပေါ်တင်ဆောင်ခြင်းကိုသာ ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိထားသည့် Cargo လေယာဉ်အသစ်သည် ကုန်ပစ္စည်းတန်ချိန် ၁၈ တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods (အန္တရာယ်ရှိသောကုန်ပစ္စည်း)များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်ကာလကို ရောက်ရှိပြီဖြစ်သဖြင့် မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် ကုန်စည်ပို့ဆောင်ရေး (Cargo) ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *