၃. ၄. ၂၀၂၄
Translated by Htwe Ko Tun

လွန်ခဲ့သည့် ၂၅ နှစ်အတွင်း တိုင်ဝမ်ကျွန်းပေါ်တွင် လှုပ်ခတ်သည့် ငလျင်များအနက် အပြင်းထန်ဆုံးဟုဆိုရမည့် ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျူ့ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့ရာ ကန​ဦး သတင်းများအရ လူလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

တရုတ်တိုင်ပေနိုင်ငံ၏မီးသတ်ဦးစီးဌာနက မြေငလျင် ဗဟိုချက်ဖြစ်သော လူနေနည်းရာ နိုင်ငံအရှေ့ပိုင်း ဟွာလီယန်ခရိုင်တွင် ကျောက်တုံးများပြိုကျမှုကြောင့်ဟု ယူဆရဖွယ်ရှိသောဖြစ်ရပ်တွင် လူတစ်ဦးသေဆုံးကာ လူ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ပြောခဲ့သည်။

ဟွာလီယန်ခရိုင်အတွင်း အဆောက်အအုံအများအပြားထိခိုက်ပျက်စီး ပြိုလဲမှုများရှိခဲ့ကာ လူအများအပြားမှာလည်း ပျက်စီးတိမ်းစောင်းနေသော အဆောက်အအုံများအတွင်း ပိတ်မိနေကြသည်။ ရုပ်မြင်သံကြားဌာနက လုံးဝပြိုကျလုဆဲ တဲတဲမျှသာဖြစ်သည်ထိ တိမ်းစောင်းနေသောအဆောက်အအုံများစွာကို ရိုက်ကူးပြသသွားခဲ့သည်။ ငလျင်က တိုင်ဝမ်ကျွန်း၏အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် လူအများ ရုံးနှင့်ကျောင်းများသို့သွားကြချိန် ဒေသစံတော်ချိန် နံနက် ၈ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၀း၀၀ GMT) တွင် လှုပ်ခတ်သွားခဲ့ခြင်းဟုလည်း သိရသည်။

ငလျင်က အနက် ၁၅ ဒသမ ၅ ကီလိုမီတာ (၉ ဒသမ ၆ မိုင်) တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဟုလည်း တိုင်ဝမ်ရာသီဥတု ခန့်မှန်းရေးဌာနကပြောခဲ့သည်။ တိုင်ဝမ်ကျွန်းပေါ်တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း ဆူနာမီဖြစ်ပေါ်မည့် လက္ခဏာ တစ်စုံတစ်ရာမဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုကို ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်ပြည်မကြီးတို့ကပင် သိရှိခဲ့ကြောင်း သိရသည်။ ဂျပန်တောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဆူနာမီ သတိပေးချက်များထုတ်ပြန်ခဲ့သေးသော်လည်း ပြန်လည်၍ ရုပ်သိမ်းသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။

Ref-reuters

Leave a Reply

Your email address will not be published. Required fields are marked *