၃. ၄. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောအခြေအနေများကို အလုံးစုံပြည်တွင်းစစ်ဖြစ်လာသည့်အထိ အရှိန်မြင့်တက်လာမှုမရှိစေရန် ထိုင်းနိုင်ငံအနေဖြင့် မည့်သည့်အခန်းကဏ္ဍမှပါဝင်ရမည်ဆိုသောအချက်ကို အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ပြင်သစ်အခြေစိုက် France 24 သတင်းဌာနနှင့်ပြုလုပ်သော သီးသန့်အင်တာဗျူးအစီအစဉ်တွင်ထည့်သွင်းပြောဆိုခဲ့ကြောင်း ထိုင်းအခြေစိုက် Pattayamail သတင်းဌာနတွင် ဖော်ပြထားသည်။

France 24 သတင်းဌာနသတင်းထောက်က ထိုင်းဝန်ကြီးချုပ်နှင့်ပြုလုပ်သောအင်တာဗျူးအစီအစဉ်တွင် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့်အစီအစဉ်များကို ထည့်သွင်းမေးမြန်းခဲ့ကြောင်း၊ ထိုင်းသတင်းတွင်ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က” ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပထမဆုံးဆွေးနွေးရမယ့်အရာဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူရှိရင် ကူညီပေးဖို့ဖြစ်တယ်။ လောလောဆယ်အချိန်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နေရပ်စွန့်ခွာပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူ ထောင်နဲ့ချီပြီး ရှိနေတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝရဖို့များတယ်။ ထိုင်းနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းက တစ်ရာခိုင်နှုန်းအောက်မှာပဲရှိနေတယ်။ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က အလုပ်လာရောက်လုပ်ကိုင်နေသူတွေ ထိုင်းနိုင်ငံမှာအများကြီးရှိနေတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ဒေသချင်း ကီလိုမီတာ ၂၀၀၀ အထိ ထိစပ်နေတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ဒါမှမဟုတ် ပြီးခဲ့တဲ့ ၂ လကျော်က အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီလိုမျိုးတွေ့ဆုံဆွေးနွေးပြီးချိန်မှာ သူတို့တွေဟာ ကျွန်တော်နဲ့လည်းထပ်မံဆွေးနွေးခဲ့တယ်။ အဲဒီလိုမျိုး တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းနိုင်အောင် မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကြား ထိုင်းနိုင်ငံကို ကြားဝင်ဆောင်ရွက်ပေးဖို့ပုံစံမျိုးနဲ့ တောင်းဆိုခဲ့တယ်။ ထိုင်းအစိုးရဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကြောင့် အလုံးစုံပြည်တွင်းစစ်မဖြစ်ပွားစေဖို့ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင်ကြားဝင်ဆောင်ရွက်ပေးဖို့ အာရုံစိုက်နေတယ်။ ထိုင်းဟာ ဘက်မလိုက်တဲ့ ကြားနေနိုင်ငံ တစ်ခုအနေနဲ့ မြန်မာ့ ပြဿနာမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပိုမို အရှိန်မမြှင့်စေဖို့ တတ်နိုင်သမျှ ကူညီနိုင်မယ်ဆိုတာကို နိုင်ငံအများစုက သဘောတူထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ပြည်တွင်းစစ်အဖြစ် လုံးလုံးလျားလျား မကြီးထွားသွားအောင် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လို ကဏ္ဍ ကနေ ပါဝင်နိုင်သလဲ ဆိုတာကိုလည်း အာရုံစိုက်သင့်ပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းစစ်မီး ပိုမိုမကြီးထွားအောင်လုပ်ဖို့ အာရုံစိုက်သင့်တယ်” ဟု ပြောသည်။

REF Pattayamail

Leave a Reply

Your email address will not be published. Required fields are marked *