၃. ၄. ၂၀၂၄
Written by Shwe Phyo

နယူးဇီလန်အစိုးရသည် မြန်မာအစိုးရတာဝန်ရှိသူများကို ယခုလအတွင်း ဝယ်လင်တန်မြို့၌ ကျင်းပမည့် အာဆီယံနှင့် နယူးဇီလန် ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာအစိုးရအဖွဲ့ စီနီယာအရာရှိကြီးများကို ဧပြီလအတွင်း ကျင်းပမည့် အာဆီယံ-နယူးဇီလန် ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် ဖိတ်ခေါ်ထားကြောင်းအတည်ပြုထားသည်။ နယူးဇီလန်ဝန်ကြီးချုပ်ခရီတိုဖာလူဇွန်က အာဆီယံအဖွဲ့ကို ဖိတ်ခေါ်ခြင်းမျိုးဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ “Mid-level” အဆင့်တာဝန်ရှိသူများကိုဖိတ်ခေါ်ခြင်းဖြစ်ပြီး နစကအဖွဲ့ ထိပ်တန်းခေါင်းဆောင်များကိုဖိတ်ခေါ်ခြင်းမျိုးမဟုတ်ကြောင်း ပြောသည်။

နယူးဇီလန် နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက နယူးဇီလန်နှင့် အာဆီယံအဖွဲ့ကြား ပြုလုပ်သောအစည်းအဝေးကို ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံကိုဖိတ်ခေါ်ထားပြီး၂၀၁၉ ခုနှစ်နောက်ပိုင်း နယူးဇီလန်နိုင်ငံတွင် ပထမဆုံးအကြိမ်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

နယူးဇီလန်ဝန်ကြီးချုပ် လူဇွန်က “ကျွန်တော်တို့ဟာ အာဆီယံအဖွဲ့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။ အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။ နိုင်ငံရေးအရကိုယ်စားပြုခွင့်ရှိသူတွေ ပါဝင်တက်ရောက်ခွင့်ရတဲ့ အစည်းအဝေးမျိုးမဟုတ်ဘူး။ နယူးဇီလန်နိုင်ငံမှာကျင်းပမယ့်အာဆီယံနဲ့ နယူးဇီလန်ထိပ်သီးအစည်းအဝေးမှာ အစိုးရအဖွဲ့တွေရဲ့ Mid-level အဆင့် ရှိသူတွေတက်ရောက်ဆွေးနွေးရမယ့် ပွဲပါ “ဟု ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် အစည်းအဝေးကို မည်သူကို စေလွှတ်မည်ဆိုသောအချက်ကို အတိအကျ ဆုံးဖြတ်စေလွှတ်ရမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း နယူးဇီလန်နိုင်ငံသည် နစကအစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း သိရသည်။ နယူးဇီလန်တွင် ကျင်းပသော အာဆီယံ-နယူးဇီလန်ထိပ်သီးအစည်းဝေးကို မြန်မာအစိုးရ တာဝန်ရှိသူများ တက်ရောက်စေရန် ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်ပြီး နယူးဇီလန်နိုင်ငံရှိ မြန်မာအရေးလှုပ်ရှားသူများအပြင် NZCTU အဖွဲ့တို့က ဝေဖန်ပြစ်တင်ထားပြီး မြန်မာအစိုးရတာဝန်ရှိသူများကို ဖိတ်ခေါ်ခြင်းမျိုးမလုပ်ဆောင်ရန် တောင်းဆိုနေကြောင်း နယူးဇီလန်အခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

REF thepost.
Ref- Thailand news

Leave a Reply

Your email address will not be published. Required fields are marked *