၃.၃.၂၀၂၄
Written By Thandar

အောင်သီရိ ထုတ်လုပ်ရေးက ပျော်ရွှင်စရာဟာသဇာတ်လမ်းပုံစံ “ဂျင်းထည့်တဲ့ ယောက်ဖ ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ဧပြီ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်လည်း ပြေတီဦး ၊ ညီထွဋ်ခေါင် ၊ ကျော်ရဲအောင် ၊ ရွှေမှုံရတီတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေး ရိုက်ထားတာပါ။ ကမ်းခြေကို ကိုယ်တိုင်ရောက်သွားသလို ခံစားရပြီး ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ကားလေးပါ။ ပရိသတ်ကို ပျော်စရာလေးခံစားရပါတယ် ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ငပလီနဲ့ ရန်ကုန်တို့မှာ ရိုက်ကူးခဲ့တာပါ”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မင်းတော်ဝင် ၊ ဇာတ်ညွှန်း နေစိုးသော် ၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရယ်မောပျော်ရွှင်ပြီး ဘဝအမောတွေပြေစေဖို့ ရည်ရွယ်ပြီး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီ ကျော်ရဲအောင် ၊ အကယ်ဒမီပြေတီဦး ၊ အကယ်ဒမီ ကျော်ကျော် ဗို ၊ ညီထွဋ်ခေါင် ၊ ခင်လှိုင် ၊ အကယ်ဒမီ ရွှေမှုံရတီ ၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ ၊ ဆင်မ ၊ ကေညီ ၊ နန္ဒာလွင် ၊ ငြိမ်းချမ်း ၊ ပိုးပိုး ၊ ဟေမာမန်းဝင်း ၊ နန်းရွှေအိမ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။

“ဂျင်းထည့်တဲ့ယောက်ဖ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဧပြီလ ၅ ရက်က စတင်ပြီး မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *