၂. ၄. ၂၀၂၄
Written by Nyein Kyaw

ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ် ဥပဒေနှင့် မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့် အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့တွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ရေးဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်ကတည်း ဥပဒေရေးသားပြီး အတည်မပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့နှင့် ပတ်သက်၍ အာဏာတည်သက်ဝင်စေမှုအခြေအနေနှင့် အဆိုပါဥပဒေများကို ကျေညက်အောင် လေ့လာမှတ်သား၍ တာဝန်ကျရာဒေသအသီးသီး၌ ရှိကြချိန်တွင် သတ်မှတ်ချက် အကျုံးဝင်သူပုဂ္ဂိုလ်များနှင့် ဆက်နွှယ်ကြသည့် မိသားစုဆွေမျိုးအသိုင်းအဝိုင်းပါ သိရှိနားလည် သဘောပေါက်အောင် အသိပေးရန် လိုအပ်မှုအခြေအနေများကို SAC ဒုဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းသည်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများ၊ ရုပ်သံလွှင့်နှင့် ရေဒီယိုအစီအစဉ်များအပါအဝင် သတင်းစာများမှတစ်ဆင့် အသိပေးအကြောင်းကြားနေသော်လည်း ဥပဒေနှင့် နည်းဥပဒေပါ အချက်အလက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာ၊ မသိရှိ၍ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်း အသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့် စည်းရုံးမှုအပေါ် ဥပဒေမဲ့ လိုက်ပါဆောင်ရွက်ခဲ့မိပါက မိမိကိုယ်ပိုင်ဘဝ မိသားစုဘဝတို့သည်လည်း အကြောင်းမဲ့ ‌တောထဲ၊ တောင်ထဲတွင် စတေးခံရကြမည့် အဖြစ်ဆိုးများမှလည်း ကယ်တင်နိုင်မည်ဖြစ်၍ အသိနှင့်ယှဉ်ပြီး ပြောဆို စည်းရုံးကြရန် တိုက်တွန်းလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *